Thursday, May 16, 2013

တက္ကသိုလ်နောက်ဆုံးနှစ် အောင်မြင်မည့်သူများ ထပ်တိုးပညာသင်နှစ် အကျုံး မ၀င်ဟု သိရ

၂၀၁၃-၂၀၁၄ပညာသင်နှစ်မှစ၍ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်နှစ် ထပ်မံ တိုးမြှင့်သော်လည်း နောက်ဆုံးနှစ်တက်ရောက်အောင်မြင်သူများအနေဖြင့် ထပ်မံတိုးမြှင့်သည့်နှစ်အတွက် ဆက်လက်တက်ရောက်ရန် မလိုဟုရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကထိက တစ်ဦးက ဆိုသည်။

 

"ဝိဇ္ဇာ၊သိပ္ပံ ကျောင်းသား/ကျောင်းသူတွေ နောက်ဆုံးနှစ်တက်နေရာကနေ ကျရှုံးမယ်ဆိုရင်တော့ ထပ်တိုးတဲ့ စနစ်မှာ ထပ်တက်ရမှာပါ၊ အောင်တဲ့သူကတော့ ဘွဲ့ရဖြစ်သွားမှာပါ သုံးနှစ်သမားတွေ လေးနှစ်တိုးတဲ့အခါ ထပ်တက် စရာမလိုတော့ပါဘူး " ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ကထိက တစ်ဦး ပြောသည်။

 

၂၀၁၃/၁၄ ပညာသင်နှစ်တွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များသည် ပထမနှစ်မှစ၍ ဘွဲ့ရအထိ လေးနှစ် တက် ရောက်ရမည်ဖြစ်ပြီး ဥပဒေမေဂျာများသည် (၅)နှစ်တက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်ရိုးညွှန်းတန်းများကိုလည်း ပညာသင်နှစ် စတင်တိုးမြှင့်သည့် နှစ်မှစ၍ ဘာသာရပ်များကို ပြောင်းလဲ သင်ကြား သွားမည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

 

"ပထမနှစ်နဲ့ ဒုတိယနှစ် ကတော့ သင်ရိုးအသစ်နဲ့ စသင်နေပါပြီ၊ သင်ရိုးက နည်းနည်း ပဲပြောင်းတာပါ၊"ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သည့် ကထိကတစ်ဦးက ပြောသည်။

 

သင်ရိုးညွှန်းတန်းများကို ပြောင်းလဲသင်ကြားခြင်းဖြင့် ကျောင်းသား၊သူများအနေဖြင့် အခွင့်အရေးပိုမို ရရှိနိုင်ကြောင်းနှင့် အသိပညာများကို ပိုမိုရရှိနိုင်သောကြောင့် ကောင်းမွန်သော ပညာရေးပြောင်းလဲမှု့ ဖြစ်ကြောင်းကို ပါမောက္ခ ဒေါက်တာဒေါ်စိန်စိန်သိန်း ဌာနမူး(ငြိမ်း)က ဆိုသည်။

 

"သင်ရိုးတိုးတော့ မာတိကာ တိုးတယ်၊ သင်ရိုးကို ခေတ်နဲ့အညီ  ပြောင်းလဲပြီး သင်ကြားရင် အရင်က မရဖူးတဲ့ အခွင့်အရေးတွေ ရလာမှာပါ၊ ဆရာဆိုတာ တပည့်ကို ကိုယ့်ထက်သာ စေချင်တာပါ၊ အရင်က (၃)နှစ်ပဲ သင်ရတာ အားမရဘူး၊ အခု(၄)နှစ် ဆိုတော့ ပညာရေးပြောင်းလဲလာတာပဲ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆို ရမှာပါ"ဟု ပါမောက္ခ ဒေါက်တာဒေါ်စိန်စိန်သိန်း ဌာနမူး(ငြိမ်း)က ပြောသည်။

 

နိုင်ငံတကာ တက္ကသိုလ်များရှိ သင်ကြားမှုစနစ် နှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းများ၏ သင်ကြားမှုပုံစံပြောင်းလဲရာ၌ ပညာသင်ချိန်မှာ အရေးပါမှုတစ်ခုဖြစ်ကြောင်း ၊စာသင်ချိန်များ အပြင် သုတေသနလုပ်ခြင်း၊ စားတမ်းပြုစုခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ ပါဝင်မှာ သာ ပြည့်စုံသော ပညာရေးစနစ်ဖြစ်နိုင်ကြောင်း အငြိမ်းစားပါမောက္ခကြီးများက အကြံပြုထားသည်။

 

"တခြားလူတွေတုန်းက သုံးနှစ်နဲ့ ကျောင်းပြီးပေမယ့်၊ ကျွန်တော်တို့မှ လေးနှစ်ဖြစ်သွားတယ်၊ လူကြီးတွေ ကတော့ ကောင်းတယ်ပြောကြတယ်၊ လေးနှစ်ဆိုတော့ အသက်တစ်နှစ်ပိုကြီးသွားတာပေါ့၊ သင်ရိုးပြောင်း မပြောင်းတော့ မသိဘူး"ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

၂၀၁၃/၁၄ ပညာသင်နှစ်ကို တိုးမြှင့်ပြီး သင်ရိုးညွှန်းတန်းများကို ပြောင်းလဲရာ၌ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခကြီးများ နှင့် တွေ့ဆုံပြီး ကမ္ဘာ့အဆင့်မီစေရန် သင်ရိုးညွှန်းတန်းများကို ရေးဆွဲပြီး ၊ Asia University Rankings List ဝင်ရောက်နိုင်ရန်အတွက် Criteria စံနှုန်းများကို အသေးစိတ် လေ့လာပြီး တက္ကသိုလ်အဆင့် မြှင့်တင်သွားရမည် ဖြစ်ကြောင်းကို မေလ (၅)ရက်နေ့တွင် နေပြည်တော် MICC ခန်းမကျင်းပသော တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေး၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြအေး က ပြောကြားထားခြင်းဖြစ်သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။