Thursday, May 16, 2013

ဒဂုံအရှေ့ပိုင်း၌ PLHIV Care Centre ဖွင့်လှစ်ရန် စီစဉ်

PLHIV များအတွက် သုံးထပ်အဆောက်အဦးဂေဟာသစ်(N.H.A.P.C.C) ခုခံအားကျဆင်းမှုကူးစက် ရောဂါကာကွယ်ရေးနှင့်ပြုစုစောင့်ရှောက်ရေး ဂေဟာသစ် တစ်ခုကို ဒဂုံအရှေ့ပိုင်း ခါတော်မီ(၂)လမ်း၌ တည်ဆောက်သွားရန် စီစဉ်နေသည်ဟု သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်းဦးဆောင်ကာ ဖွင့်လှစ်ထားသော ဂေဟာ(၃)ခုရှိ အိတ်ခ်ျအိုင်ဗွီပိုးနှင့်အသက်ရှင်နေထိုင်သူများ (People Living with HIV) အနက် ထပ်မံရောက်ရှိလာသည့် ဝေဒနာရှင်များမှာ ယခင်လထက် (၁၀၀)ဦးရေခန့် ပိုမိုတိုးလာ ခြင်းကြောင့် သုံးထပ်အဆောက်အဦးကို ဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 

အဆိုပါအဆောက်အဦးသစ်ကို ဒဂုံအရှေ့ပိုင်း ခါတော်မီ(၂)လမ်းရှိ အမှတ်(၄၄၉/၅၀၀/၅၀၁/၅၀၂) မြေတည် နေရာပေါ်တွင် ဆောက်လုပ်မည်ဖြစ်ပြီး အလှူရှင်ရရှိမှုအပေါ်မူတည်၍ လာမည့် ၂၀၁၄ခုနှစ်တွင် အပြီးဆောက် လုပ်ရန် ခန့်မှန်းထားကြောင်း ဂေဟာသစ်ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦးရာဇာက ဆိုသည်။

 

"လက်ရှိတော့ ရေတွင်းလောက်ပဲ တူးရသေးတယ်။ အဆောက်အဦးကတော့ စပြီး ပြင်ဆင်နေပါပြီ၊ ဒါပေမယ့် ဘယ်တော့လောက် အပြီးဆောက်နိုင်မလဲဆိုတာတော့ အလှူရှင်တွေအပေါ်မှာမူတည်ပါတယ်။ ခန့်မှန်းခြေ တော့ လာမယ့် ၂၀၁၄လောက်ကို အပြီးဆောက်ချင်တယ်" ဟု တာဝန်ခံ ဦးရာဇာက ပြောသည်။

 

အဆိုပါအဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးနိုင်ရန်အတွက် ငွေကျပ် သိန်း(၃၀၀၀)မှ (၄၀၀၀)ကျပ်အထိ ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် ပြည်တွင်းအလှူရှင်အချို့မှ လှူဒါန်းထားငွေကျပ် သိန်း (၃၀၀)သာ ရရှိသေးကြောင်း ပြည်ပမှ အလှူရှင်များထံ ပြောဆိုထားခြင်း မရှိသေးကြောင်းနှင့် လှူဒါန်းနိုင် ကြောင်းကိုလည်း ဂေဟာဖြစ်မြောက်ရေးတာဝန်ခံ ဦးရာဇာက ဆိုသည်။

 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်များ တိုးလာခြင်းကြောင့် ဝေဒနာရှင်များအနေဖြင့် နေရာ၊ထိုင်ခင်း အခက်အခဲရှိလာကြသည်ဟု သိရှိရသည်။

 

"ကျွန်မက မြောင်းမြမှာနေပါတယ်။ ကလေးတစ်ယောက်ရှိတယ် ၊ အိမ်ထောင်ဦးစီးဆုံးတော့ ကျွန်မမှာ ဒီရောဂါ ရှိတယ်ဆိုပေမယ့် ကလေးမှာရောဂါမရှိဘူး ဒါကြောင့် ကလေးကို ကျွန်မမိဘတွေနဲ့ ထားခဲ့ရတယ်။ ကျွန်မနဲ့ နေရာ ဒီမှာက အိတ်အိုင်ဗွီဝေဒနာရှင်တွေက များများလာတယ်လေ နောက်ပြီး စီပိုးရှိသူတွေနဲ့နေရတာဆိုတော့ ကလေးကို ကူးမှာစိုးလို့ပါ။ နေရတာက လူများလာတော့ အိပ်ရတာတို့ အဆင်မပြေဘူး နည်းနည်းကြပ်တည်း တယ်။ ဆေးသောက်ရတာတို့ စားသောက်ရတာက အဆင်ပြေပါတယ်။ ဒီဂေဟာမှာနေရတာက ကျွန်မ နယ် အိမ်မှာ နေရတာထပ် ပိုလွတ်လပ်တယ်။ သူများ အရိပ်အကဲ ကြည့်စရာမလိုဘဲ ပိုပြီး အဓိပ္ပာယ်ရှိတယ်" ဟု မြောင်းမြမြို့နေ အသက်(၂၅)နှစ်ဝန်းကျင်ရှိ ဝေဒနာရှင်တစ်ဦးက ပြောသည်။

 

ဒဂုံမြို့သစ်တောင်ပိုင်း ဂေဟာရှိ PLHIV အချို့သည် အဆိုပါ ဂေဟာတွင် စက်ချုပ်ခြင်း ၊ ထပ်မံ ရောက်ရှိ လာသည့် လူနာများကို ပြန်လည်ပြုစုစောင့်ရှောက်ပေးခြင်းဖြင့် တစ်နေ့တာကို ဖြတ်သန်းကြသည်ဟု အသက်(၃၇)နှစ်အရွယ်ရှိ ဝေဒနာသည်တစ်ဦးက ဆိုသည်။

 

"ကျွန်တော်က ၂၀၀၈ခုနှစ် ပြည်ထောင်စုနေ့ကတည်းက ဆေးစသောက်ရတာပါ အခုတော့ CD Count က ရှစ်ရာဖြစ်နေတော့ ကျန်းကျန်းမာမာဖြစ်လာနေပြီ ဒီမှာက လူနာတွေက တစ်နေ့ထက်တစ်နေ့ များလာတယ်။ ဒါကြောင့် ကျွန်တော်က အဲ့ဒီလူနာတွေကို ပြန်ပြီး ပြုစုစောင့်ရှောက်ပေးပါတယ်။ ဒီမှာနေရတာ အဆင်ပြေ ပါတယ်။ " ဟု ကွမ်းခြံကုန်းမြို့ဒေသခံ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

 

PLHIV တိုးလာခြင်းသည် လက်ရှိဝေဒနာသည်တို့၏ နေရာထိုင်ခင်း အခက်အခဲ ဖြစ်ပေါ်လာခြင်းကြောင့် သုံးထပ်အဆောက်အဦးကို ဆောက်လုပ်ရခြင်းဖြစ်ကြောင်းနှင့် ဂေဟာသုံးခုကို တစ်စုတစ်ဝေးတည်း ဖြစ်စေရန် အတွက်ဖြစ်သည်ဟု  တောင်ဒဂုံမြို့နယ်ရှိ PLHIV ဝေဒနာရှင်များနေထိုင်သည့် ဂေဟာတွင် ၂၄နာရီ တာဝန် ထမ်းဆောင်နေသူတစ်ဦးက ဆိုသည်။

 

"မဖြူဖြူသင်းနေအိမ်ဘေးနားက ဆေးခန်းမှာလည်း ဝေဒနာသည်တွေ ရှိတာပေါ့ ၊ တောင်ဒဂုံ ရယ် ဒဂုံအရှေ့ အားလုံးပေါင်း (၃)နေရာပေါ့ ဝေဒနာသည်တွေက ကွဲနေတယ် ဒါတွေကို တစ်စုတစ်ဝေးတည်း ရှိစေချင်တာ ကြောင့်နဲ့ ဝေဒနာသည်တွေ များများလာတာရယ်ကြောင့် ထပ်ချဲ့တဲ့သဘောမျိုးပါ။ တစ်လနဲ့တစ်လက လူ(၁၀၀)လောက် တိုးလာတယ်" ဟု တောင်ဒဂုံဂေဟာတွင် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးနေသူ ဦးသိန်းဌေးက ပြောသည်။

 

၂၀၁၃ခုနှစ် ဧပြီလပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ ဂေဟာတွင် PLHIV ဝေဒနာသည် (၁၀၀)ဦးရေခန့် ရှိခဲ့သော်လည်း မေလပိုင်းတွင် (၁၇၈)ဦးခန့်ရှိခဲ့ကြောင်း ဒဂုံအရှေ့ပိုင်းတွင်လည်း PLHIV ဝေဒနာသည် ယခင်လထက် (၃၀)ဦးရေခန့် တိုးလာကြောင်း မဖြူဖြူသင်းနေထိုင်ရာနေအိမ်အနီးရှိ ဆေးခန်းတွင်လည်း ဝေဒနာသည် (၂၀)၀န်းကျင်ခန့် တိုးလာသည်ဟု ၄င်းက ဆက်ပြောသည်။

 

ဂေဟာ(၃)ခုရှိ PLHIV ဝေဒနာသည်များအတွက် နေထိုင်စားသောက်စရိတ်သည် တစ်လလျှင် ငွေကျပ် (၁၇၅)သိန်းကျော် ကုန်ကျလျက်ရှိကြောင်း၊  အဆိုပါဂေဟာများအတွက် မဖြူဖြူသင်းမှ ထောက်ပံ့ပေးလျက် ရှိကြောင်းနှင့် အချို့နေ့ရက်များ၌ အလှူရှင်များက လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

 

၂၀၀၂ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကြောင့် လူငယ်(၁၉)ဦးသည် HIV/AIDS ပညာပေး သင်တန်းကို တက်ရောက်ခဲ့ကာ ၂၀၀၄ခုနှစ်တွင် ဝေဒနာသည်များအတွက် ဒေါပုံ ၊ သာကေတ ၊ လှိုင်သာယာ နှင့် ယုဇနဥယျဉ်မြို့တော်တို့၌ နေအိမ်ငှားရမ်းပေးကာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

 

နေအိမ်ငှားရမ်းခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း အာဏာပိုင်အချို့၏ နှောက်ယှက်ခြင်းကြောင့် အဆိုပါ နေရာများမှ မဖြူဖြူသင်း၏ နေအိမ်သို့ ၂၀၀၅ခုနှစ်တွင် ပြောင်းရွှေ့ကာ ဂေဟာတစ်ခုအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ခုနှစ်တွင် ဒဂုံအရှေ့မြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များ၌ ဂေဟာအသစ်များထပ်မံ ဖွင့်လှစ်ခဲ့သည်ဟု သိရှိရသည်။

 

အဆိုပါ(N.H.A.P.C.C)NLD HIV AIDS Prevention And Care Centre နှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို လာမည့်မေလကုန်ပိုင်း၌ ပြုလုပ်ကျင်းပဖွယ်ရှိသည်ဟု သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။