Tuesday, February 26, 2013

အလုပ်သမား ဥပဒေ ခိုင်မာအားကောင်းရန် လိုအပ်နေဟုဆို

မြန်မာနိုင်ငံတွင် အလုပ်သမား နစ်နာမှုများကို အကာကွယ်ပေးနိုင်သော ခိုင်မာ အားကောင်းသည့် ဥပဒေများ အားနည်း နေသောကြောင့် ပြည်တွင်းတွင် တရားဝင် ဖွဲ့စည်းထားသည့် အလုပ်သမားအဖွဲ့အစည်းများ နည်းပါးနေရခြင်း ဖြစ်ကြောင်း အလုပ်သမားရေးရာ ကျွမ်းကျင်သူများက ပြောသည်။

လက်ရှိ ထွက်ပေါ်လာသော ဥပဒေများကိုသာ အလုပ်သမားများနှင့် အလုပ်ရှင်များက နားလည် လက်ခံမည်ဆိုလျှင် နေရာတိုင်းတွင် အလုပ်သမားအဖွဲ့ များစွာ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း အလုပ်သမားများအား ကူညီပေးနေသည့် Labour Rights Action အဖွဲ့မှ ကိုချစ်ဝင်းမောင်က ဆိုသည်။

"အလုပ်သမားဥပဒေက အလုပ်သမားတွေ အတွက် ကြောက်စရာ မကောင်းရဘူး။ ချစ်စရာ ဖြစ်နေရမှာ။ အဲဒီလို ဖြစ်လာမယ့် ဥပဒေမျိုး လိုအပ်နေသေးတာ။ အခု အလုပ်သမားဖွဲ့စည်းခွင့် ဥပဒေမှာ ဆိုရင် အဖွဲ့ဖွဲ့ခွင့်တော့ ပေးတယ်။ စည်းရုံးခွင့်ကို ပေးမထားဘူး" ဟု ၎င်းက ပြောသည်။

လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်သားများမှအပ ကျန် အားလုံးသည် အလုပ်သမားများသာ ဖြစ်ကြောင်း အလုပ်သမား ဥပဒေတွင် ဖွင့်ဆိုထားပြီး လက်ရှိ မြန်မာနိုင်ငံ တ၀န်းလုံးတွင် အခြေခံ အလုပ်သမား အဖွဲ့အစည်းပေါင်း ၄၀၄ ဖွဲ့ကို တရားဝင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ အလုပ်သမား အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ နည်းဥပဒေ အရ ဆောင်ရွက်လျှက်ရှိသော အလုပ်သမားအဖွဲ့ ၅ ဖွဲ့၊ အလုပ်သမား အဖွဲ့ချုပ် ၁ ဖွဲ့၊ အခြေခံ အလုပ်ရှင်အဖွဲ့ ၁၇ ဖွဲ့တို့ကိုလည်း တရားဝင်ဖွဲ့စည်း ထားကြောင်း သိရသည်။

သို့ရာတွင် တရားဝင်မှတ်ပုံတင်ထားသော အလုပ်သမား အဖွဲ့များ စာရင်းတွင် ပညာရေး ၀န်ထမ်း တချို့ပါဝင်သည့် အလုပ်သမားအဖွဲ့ အနည်းငယ်သာ ရှိပြီး အစိုးရ၀န်ထမ်းများ နှင့်သက်ဆိုင်သည့် အလုပ်သမား အဖွဲ့အစည်း အရေအတွက်မှာ အလွန်နည်းပါး နေသေးကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာက စက်ရုံ၊ အလုပ်ရုံတွေ သောင်းနဲ့ချီ ရှိပါတယ်။ ဒါပေမယ့် အခု တကယ်တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အလွန်ကို နည်းပါသေးတယ်။ ကျနော်တို့အနေနဲ့ကတော့ အလုပ်ရှင်ရော အလုပ်သမား ကိုပါ အတူတကွ လက်တွဲပြီးလုပ်ဆောင်ဖို့ အားပေးတယ်" ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ (ILO – ရန်ကုန်) တာဝန်ခံ ကိုမိုးမင်းသော်က ဧရာဝတီကို ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အလုပ်သမား ၀န်ကြီးဌာနနှင့် အကျုံးဝင်သော ဥပဒေ ၁၇ ခုရှိသော်လည်း ခေတ်နှင့် လျော်ညီစွာ ပြန်လည် ပြင်ဆင်နိုင်သော ဥပဒေ ၃ ခုသာလျှင် ရှိနေသေးသည့် အတွက် ကျန်ရှိနေသော ဥပဒေများကို ခေတ်နှင့် အညီ ပြင်ဆင်နိုင်ရန် ဆွေးနွေး ညှိနှိုင်း တင်ပြထားကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမင်းက ဆိုသည်။

လက်ရှိ ပြင်ဆင်ပြီးသား ဥပဒေများမှ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဥပဒေ၊ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ လူမှုဖူလုံရေး ဥပဒေများ ဖြစ်ကြောင်း၊ အလုပ် လုပ်နေကြသော ကလေးသူငယ်များနှင့်ပက်သက်ပြီး ဥပဒေ အမျိုးမျိုး ရှိနေခြင်း ကြောင့် ကွဲပြားနေခြင်းများကို ပြန်လည် ပြင်ဆင်နိုင်ရန် ညှိနှိုင်းလျက် ရှိကြောင်း ၎င်းက ဆိုသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ထားသော ဥပဒေများကလည်း အလွန် နုနယ်နေသေးသည့် အခြေအနေတွင် ရှိနေသောကြောင့် ဖြစ်ကြောင်း၊ ဥပဒေကို အလုပ်သမားနှင့် အလုပ်ရှင် နှစ်ဘက်စလုံးမှ သေချာစွာ နားလည် သဘောပေါက်ပြီး အချင်းချင်း ညှိနှိုင်းလာမည့် အနေအထားသို့ ရောက်ရှိလာရန်မှာလည်း အချိန်ယူ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ILO (ရန်ကုန်) ၏ နည်းပညာဆိုင်ရာ အကြံပေး အရာရှိချုပ် မစ္စတာ ရော့ဝီလဆင်က ပြောသည်။

ယနေ့ အချိန်တွင် အလုပ်ရှင်ဘက်မှ အလုပ်သမားများ အပေါ် အလုပ်ထုတ်လိုက်သည့် ကိစ္စရပ်များ ရှိနေသေး ကြောင်း၊ အလုပ်သမားများ အနေဖြင့် ဥပဒေကို ဆက်လက်လေ့ကျင့်ရန် လိုအပ်ကြောင်း၊ ဥပဒေ၏ အကာအကွယ် ပေးမှုကို သိမြင်ရန် လိုကြောင်း ၎င်းက ဆက်ပြောသည်။

"ဒါမှ ဥပဒေက တဖြည်းဖြည်း ရင့်ကျက်လာပြီးတော့ နှစ်ဦး နှစ်ဘက်ကြားမှာ ပိုပြီးတော့ အဆင်ပြေချောမွေ့မှုတွေ ရရှိ လာမှာပါ။ အလုပ်သမားတွေ ကို ပိုပြီးတော့ ပညာတွေ ပေးပြီးတော့ ခိုင်မာလာအောင် လုပ်မယ်၊ သန်မာလာအောင် လုပ်မယ်။ သူတို့အချင်းချင်းလည်း နားလည် သဘောပေါက် ပြီးတော့ နှစ်ဦးနှစ်ဘက်ကြားမှာ သဘော တူညီချက်တွေ ရှိလာမယ်" ဟု ၎င်းက ဆက်ပြောသည်။

သို့ရာတွင် အလုပ်သမားများကို ဥပဒေ အများအပြားဖြင့် ထုတ်ပြန်နေခြင်းထက် တိကျခိုင်မာသော၊ အဓိပ္ပာယ် ဖွင့်ဆိုချက် ပြည့်စုံကောင်းမွန်သော ဥပဒေ အနည်းငယ်ရှိလျှင် လုံလောက်ကြောင်း၊ အလုပ်သမားများအနေဖြင့် ပညာရေး အားနည်းချက်များရှိနေသည့်အထဲမှ ထိုဥပဒေများကိုသာ ထပ်မံလေ့လာရမည်ဆိုလျှင် မနိုင်ဝန်ကို ထမ်းနေရမည့် သဘောသို့ သက်ရောက်သွားမည် ဖြစ်ကြောင်း ကိုချစ်ဝင်းမောင်က ရှင်းပြသည်။

"ကိုယ့် လခလေးရဖို့ အတွက် အစာငတ်ခံ ဆန္ဒပြရတာနဲ့ အရမ်း ပင်ပန်းနေကြပြီ။ သူတို့က တည်ဆဲဥပဒေကို သူတို့ မယုံကြည်လို့သာ အခြားနည်းလမ်းတွေ ကို သူတို့သုံးနေကြရတာ" ဟု ၎င်းက ပြောသည်။

အလုပ်သမား အခွင့်အရေးနှင့် အလုပ်သမား ကိစ္စများကို အများလေးစားမှု ရရှိရန်မှာ ကျောင်းသင် ပညာရေး စနစ်တွင်ပင် ပြုလုပ်၍ ရနိုင်မည်ဟု ထင်မြင်မိ ကြောင်း၊ ထို့အပြင် စက်ရုံတွင်း၊ လုပ်ငန်းခွင် အတွင်း အလုပ်ရှင် -အလုပ်သမား ဆက်ဆံရေး ကောင်းမွန်လာအောင် တည်ဆောက်နိုင်မည် ဆိုလျှင် ပဋိပက္ခ ဖြစ်စဉ်များ လျော့ပါး ပပျောက်သွားမည့် အပြင် ပြဿနာ ဖြစ်လာပါကလည်း လွယ်လွယ်ကူကူဖြင့် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျင်းပခဲ့သော အလုပ်သမားများ အခွင့်အရေးနှင့် လွတ်လပ်စွာ အသင်း ဖွဲ့စည်းခွင့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား အဖွဲ့အစည်းများ၊ ပြည်တွင်း NGO များ၊ ILO မှပုဂ္ဂိုလ်များနှင့် အစိုးရ အလုပ်သမား ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အလုပ်သမားများ အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။