Friday, May 17, 2013

မြန်မာ့လေကြောင်းမှ တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်မိုင်းဆတ် လေဆိပ်အဆင်း၌ ပြေးလမ်းချော်မှုဖြစ်ပွား


5.17.2

မြန်မာ့လေကြောင်းမှ ရန်ကုန်-ဟဲဟိုး-မိုင်းဆတ်-ရန်ကုန် ခရီးစဉ်ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် မိုင်းဆတ်လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် မေ ၁၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIQ လေယာဉ်သည် ဟဲဟိုးလေဆိပ်မှ မိုင်းဆတ်မြို့သို့ ဆင်းသက်စဉ် ဘရိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အရှိန်လွန်၍ လေယာဉ်ပြေးလမ်းကိုကျော်ပြီး ကိုက်၂၀၀ ခန့်အကွာ ရှိခြံစည်းရိုးတွင် ရပ်တန့်သွားခဲ့ပြီး လေယာဉ်၏ ၀ဲဘက်တောင်ပံနှင့် ၀ဲဘက်ဘီးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်တွင် ခရီးသည် ၅၁ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦးလိုက်ပါလာခဲ့ပြီး လေယာဉ်ပြေးလမ်း ချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် အမျိုးသမီးနှစ်ဦး လက်ကျိုးပြီး ထိခိုက် ဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား မိုင်းဆတ်မြို့ရှိ ခုတင် ၁၀၀ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိကြောင်း သတင်းရရှိသည်။ ''မိုင်းဆတ်လေဆိပ်ကို ဆင်းတဲ့အချိန်မှာ Break system error ဖြစ်ပြီး ပြေးလမ်းချော်သွားတာပါ။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေ ဆိုးဆိုးရွားရွား ထိခိုက်မှု ဘာမှမရှိပါဘူး'' ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။

အဆိုပါ လေယာဉ်ပြေးလမ်းချော်မှု ဖြစ်ပွားသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးနိုင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများ ပါဝင်သည့် ခုံရုံးအား ဖွဲ့စည်းထားပြီး အဆိုပါခုံရုံး အဖွဲ့ဝင်များသည် ယင်းနေ့မွန်းလွဲက မိုင်းဆတ်မြို့သို့ သွားရောက်ခဲ့သည်ဟု သိရသည်။

''လေယာဉ်က ဆင်းတဲ့အချိန်မှာ ပုံမှန်မဟုတ်ဘူး။ တစ်ခြမ်းစောင်းဆင်းလာပြီး ပြေးလမ်းကနေ ပေ ၂၀၀ လောက် ကျော်ထွက်သွားပြီး မြောင်းထဲကျသွားတယ်။ မြေကြီးနဲ့ထိပြီး လေယာဉ်ရဲ့ ဘယ်ဘက်ပိုင်း တော်တော်ထိသွားတယ်'' ဟု မိုင်းဆတ်လေဆိပ်မှ မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။

ယခုနှစ်ပိုင်းအတွင်း လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်ပျံသန်းသော Air Bagan လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် W9-011 လေယာဉ် အမှတ် XY-AGC သည် မန္တလေးလေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၆၅ ဦးအနက် အသက် ၃၇ နှစ်အရွယ်ရှိ ဧည့်လမ်းညွှန် အမျိုးသမီး သေဆုံးခဲ့ကာ ခရီးသည် ခုနစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦး အပါအ၀င် စုစုပေါင်း ကိုးဦးဒဏ်ရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် လက်ရှိတွင် Fokker F 28 နှစ်စီး၊ ATR-72 နှစ်စီး၊ ATR-42 တစ်စီး၊ MA-60 သုံးစီး၊ Beech 1900D နှစ်စီး၊ Embraer 190 နှစ်စီး စုစုပေါင်း လေယာဉ်အမျိုးအစား ခြောက်မျိုး၊ လေယာဉ်စီးရေ ၁၂ စီးဖြင့် အခြားပုဂ္ဂလိက လေကြောင်းလိုင်းများ ပျံသန်းခြင်းမရှိသည့် မြို့ပေါင်း ၂၆ မြို့သို့ လေကြောင်းခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

ယခုလေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားသည့် မိုင်းဆတ်မြို့သည် သွားလာရခက်ခဲပြီး အခြားပြည်တွင်း လေကြောင်းလိုင်းများ ပျံသန်းခြင်းမရှိဘဲ မြန်မာ့လေကြောင်း တစ်ခုတည်းမှသာ ခရီးသည်များအား ပို့ဆောင်ပေးနေသည့် မြို့တစ်ခု ဖြစ်သည်။

၁၉၈၈ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှု 
ဖြစ်စဉ်များ

နေ့စွဲ             လေယာဉ်အမျိုးအစား    လေကြောင်းလိုင်း    လေဆိပ်          သေဆုံးသူဦးရေ

၁၆.၆.၁၉၈၈         Fokker F-27     မြန်မာ့လေကြောင်း    ပူတာအို           ၎

၃.၂.၁၉၈၉           Fokker F-27    မြန်မာ့လေကြောင်း    မင်္ဂလာဒုံ          ၂၆

၆.၁၀.၁၉၉၃         Fokker F-27    မြန်မာ့လေကြောင်း     ကော့သောင်း    မရှိ

၂၄.၇.၁၉၉၆         Fokker F-27    မြန်မာ့လေကြောင်း     မြိတ်               ၈

၂၇.၁.၁၉၉၈         Fokker F-27    မြန်မာ့လေကြောင်း     သံတွဲ             ၁၆

၂၄.၈.၁၉၉၈         Fokker F-27     မြန်မာ့လေကြောင်း    တာချီလိတ်       ၃၆

၂.၇.၁၉၉၉           Fokker F-27    မြန်မာ့လေကြောင်း    စစ်တွေ            ၈

၁၃.၈.၁၉၉၉         Fokker F-28     မြန်မာ့လေကြောင်း    မင်္ဂလာဒုံ          မရှိ

၂၉.၈.၂၀၀၇         Fokker F-28    မြန်မာ့လေကြောင်း     ထားဝယ်          မရှိ

၁၉.၂.၂၀၀၈         ATR-72            AirBagan           ပူတာအို           မရှိ

၆.၆.၂၀၀၉          Fokker F-28     မြန်မာ့လေကြောင်း     စစ်တွေ           မရှိ

၁၇.၂.၂၀၁၂        ATR-72             Air KBZ             သံတွဲ             မရှိ

၂၅.၁၂.၂၀၁၂      Fokker-100       AirBagan            ဟဲဟိုး           ၁+၁

၁၆.၅.၂၀၁၃        MA-60              မြန်မာ့လေကြောင်း    မိုင်းဆတ်         မရှိ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။