Thursday, April 4, 2013

ဗလီမီးလောင်မှု သတင်းဦးနှင့် မီဒီယာ (သို့မဟုတ်) အမှန်တရားကလွဲ၍ မှန်တဲ့အရာ ဘာမှမရှိ


elevenexplainbalifiring-april4

မီးလောင်မှု ဖြစ်ပွားနေသော ဗလီအတွင်းမှ ပြေးထွက်လာသည့် ကလေးငယ်တစ်ဦးအား ဧပြီ ၂ ရက် နံနက် ၃ နာရီဝန်းကျင်က တွေ့ရစဉ် (ဓာတ်ပုံ - ထွယ်ဆန်အောင်)

ဧပြီလ ၂ ရက်နေ့ ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၄၈ လမ်း ဗလီတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး Eleven Media Group မှ အချိန်နှင့်တပြေးညီ သတင်းဖော်ပြပေးခဲ့သည်။

Eleven Media Group ၏ Facebook စာမျက်နှာတွင် "၀ါယာရှော့ဖြစ်၍ ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတစ်ခု မီးလောင်ကျွမ်းမှု . . ." ဟူသည့် သတင်းကို ဖော်ပြပေးခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ အစွန်းရောက်သည့် အယူအဆရှိသူ အချို့မှ "Eleven က ဘာလို့ရောက်နေတာလဲ" "၀ါယာရှော့လို့ ဘာလို့ ပြောနိုင်တာလဲ" ဟူသည့် မေးမြန်းချက်များ Eleven Media Group ၏ အွန်လိုင်း စာမျက်နှာများသို့ ရောက်ရှိလာသကဲ့သို့ ကိုယ်ပိုင်ဝက်ဘ်ဆိုက် စာမျက်နှာများမှလည်း ရေးသားကာ ဖြန့်ဝေခဲ့ကြသည်။

"၀ါယာရှော့လို့ ဘာလို့ အစောဆုံး ၀က်ဘ်ဆိုက်မှာ တင်လိုက်တာလဲ" ဟူ၍ ကျွန်တော်တို့ Eleven Media ရုံးသို့ ဖုန်းဖြင့် မေးမြန်းမှုများပင် ရှိခဲ့သည်။

သတင်းဦး၊ သတင်းမှန်အဖြစ် ဖော်ပြပေးနိုင်သည့် နောက်ဆက်တွဲ အနေအထားအဖြစ် အခြေအမြစ် မရှိသော်လည်း အစိုးရဖြင့် ပူးပေါင်း၍ သတင်းဖြန့်သယောင် စွပ်စွဲခြင်း၊ ဝေဖန်ရေးသားခြင်း၊ ရှုတ်ချခြင်းများကို Social Network စာမျက်နှာများတွင် ရေးသားလာခဲ့ကြသည်။

သတင်းမီဒီယာ ဟူသည် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းများကို အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ဖော်ပြပေးရန် တာဝန်ရှိပါသည်။

သတင်းတစ်ခုအား အချိန်နှင့် တပြေးညီ ဖော်ပြပေးနိုင်ခဲ့သည့် မီဒီယာတစ်ခု၏ စီမံထားမှုများနှင့် ပတ်သက်၍ ယခုဖြစ်ရပ်တွင် ကိုယ်တိုင် သတင်းလိုက်ပါရယူခဲ့သူ Eleven Media Group ၏ သတင်းထောက် မထွယ်ဆန်အောင်၊ ကိုအောင်ဇော်ထွန်းတို့၏ ကိုယ်တွေ့ပြောကြားချက်များကို ပြန်လည် ထုတ်နုတ်ပြလိုပါသည်။

 

မီးလောင်မှု ဖြစ်စဉ်သို့ အစောဆုံး ရောက်ရှိသည့် Eleven သတင်းထောက် မထွယ်ဆန်အောင်

"ကျွန်မက ၄၈လမ်းမှာ မီးလောင်တယ်ဆိုပြီး အော်သံကြားတယ်၊ ကြားကြားချင်းပဲ ရုံးကို ချက်ခြင်းဖုန်းဆက်တယ်။ ပြီးမှ ကျွန်မလည်း အိမ်ကနေ ချက်ခြင်းထွက်သွားတယ်။ နေတာက ၄၆ လမ်းမှာဆိုတော့ ၄၈ လမ်း ဗလီမီးလောင်တဲ့ နေရာနဲ့ နီးတယ်။ အဲဒါကြောင့် တခြားသတင်းထောက် အများစုထက်တော့ စောပြီးရောက်တာပေါ့။ ကျွန်မရောက်တဲ့ အချိန်က ၃ နာရီ မထိုးသေးဘူး။ လူ ၁၀ ယောက်ကျော်လောက် အုပ်စုလိုက် ရှိနေတယ်။ ဗလီထဲမှာတော့ မီးတောက်တွေ တွေ့ရတယ်၊ မီးခိုးတွေလည်း အူထွက်နေတာ တွေ့ရတယ်။ ဗလီခပ်လှမ်းလှမ်း အနီးအနား တချို့က လူတွေကတော့ အထုတ်အပိုးတချို့ပြင်ပြီး ပြေးလွှားနေကြတယ်။ လေးငါးယောက်တော့ ရှိမယ်။ ကျွန်မနဲ့ အတူတူပဲ မီးသတ်ကားနှစ်စီးလည်း ရောက်လာတယ်။ ရောက်တာနဲ့ ဗလီအပြင်ဘက်ကနေ ရေစဖြန်းတယ်။ ဘာကြောင့် ဗလီအပြင်ဘက်ကိုပဲ ရေဖြန်းရတာလဲဆိုတော့ ဗလီကပိတ်ထားတုန်းပဲ။ နည်းနည်းကြာတဲ့အခါမှာတော့ လူတွေအများကြီး ရောက်လာတယ်။ ရောက်လာပြီး သိပ်မကြာဘူး လူအုပ်ထဲက တချို့ကပြောတယ်။ အထဲမှာ လူတွေရှိတယ်၊ လူတွေကို ကယ်ထုတ်ဖို့ ပြောတယ်။ အဲဒီတော့မှ ဗလီကိုဖွင့်ဖို့ လုပ်တယ်။ ဗလီဆရာလား ဘာလားမသိဘူး။ အစ္စလာမ် ဘာသာဝင်တချို့လည်း ရှိတယ်။ အဲဒီအချိန်မှာပဲ ရဲတွေလည်း ရောက်လာတာ တွေ့ရတယ်။ ရဲတွေက အချင်းချင်း ဖုန်းနဲ့ဆက်သွယ်ပြီး ဗလီကို ရဲရော၊ လူရော၊ မီးသတ်ရော ပေါင်းပြီး ဖွင့်လိုက်တယ်။ တံခါးဖွင့်ဖွင့်ချင်း မီးသတ်တွေကလည်း ပြေးဝင်သွားတယ်၊ အထဲကနေပြီး ကလေးတချို့ ပြေးထွက်လာတယ်။ ဒါနဲ့အထဲထဲကို လူတချို့ဝင်ပြီး ကျန်တဲ့ကလေးတွေကို ခေါ်ထုတ်လာတယ်။ ၀င်ရှာတယ်။ ပြီးတော့ကလေးတွေကို တစ်နေရာမှာ စုထားတယ်။ ဗလီဆရာ လေးငါးယောက်က ကလေးတွေကို ဘယ်မှမသွားနဲ့ လူစစ်မယ်လို့ပြောတာ တွေ့ရတယ်။ ကျွန်မလည်း လွတ်လာတဲ့ ကလေးတစ်ယောက်ကို မေးကြည့်တယ် ၁၄ နှစ် အရွယ်လောက်တော့ ရှိပြီ။ ဘယ်လိုဖြစ်သွားတာလဲ ဆိုတော့ ကလေးက ပြောတယ်။ မသိဘူး အိပ်ပျော်နေတာ၊ အပြင်ကနေ မီးလောင်တယ်ဆိုပြီး အော်တဲ့အသံကြားမှ ကျွန်တော်က နိုးလာတယ် ဆိုတာလောက်ပဲ ပြောတယ်။ နောက်ကလေးတစ်ယောက်ကို ကျွန်မထပ်မေးတယ်။ အထဲမှာ ကလေးတွေ ကျန်သေးလားလို့မေးတော့ အထဲမှာ ကျန်သေးတယ်၊ လောလောဆယ် သူမှတ်မိသလောက် ခုနစ်ယောက်လောက် ပျောက်နေတယ် ဆိုတာမျိုး ကလေးက ပြန်ဖြေတယ်။ နောက်ကျတော့ ကလေးတွေကို အစ္စလာမ်ဘာသာဝင်တွေ အချင်းချင်း လာမေးသလို အနီးနားမှာ နေတဲ့သူတွေကလည်း မေးတာတွေ့တယ်။ အများစုကတော့ ကလေးတွေ ကျန်သေးလား၊ ဘာဖြစ်သွားသေးလဲ၊ ဘာကြောင့် လောင်တာလဲဆိုတာမျိုးတွေ မေးကြတာ တွေ့ရတယ်။ ပြောရရင် အပြင်ကနေ ရေဖြန်းတာနဲ့တင် မီးက တော်တော်လေး ငြိမ်းသွားတယ်။ ဗလီထဲကိုတော့ မီးသတ်ဖွင့်ပြီးမှပဲ ၀င်တယ်။ ရေထပ်ဖြန်းတယ်။ ၃ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်။ အဲဒီအချိန်မှာ ပျောက်တဲ့သူတွေကို ၀င်ရှာနေတုန်းပဲ။ ကျွန်မလည်း အနားမှာရှိတဲ့ ရပ်ကွက်က လူတစ်ယောက်ကို မေးကြည့်တဲ့အခါ ဘာကြောင့်လောင်တာလဲလို့ မေးတော့ မီးအားမြှင့်စက်က အပူလွန်ပြီး အနားမှာလည်း ဓာတ်ဆီပုံးတွေ ရှိတဲ့အတွက် လောင်တာလို့ ပြောတယ်"

 

မီးလောင်မှု ဖြစ်စဉ်သို့ ထပ်မံရောက်ရှိသည့် Eleven သတင်းထောက် ကိုအောင်ဇော်ထွန်း

"ကျွန်တော်က ညပိုင်းအရေးပေါ် ဂျူတီတာဝန် ထမ်းဆောင်နေတာပါ။ ဧပြီလ ၂ ရက်နေ့ နံနက် ၃ နာရီ မထိုးခင်မှာ ကျွန်တော်တို့ရုံးက သတင်းထောက် မထွယ်ဆန်အောင်က သူတို့အိမ်နားက ဗလီတစ်ခုမှာ မီးလောင်နေတယ်လို့ ကျွန်တော့် လက်ကိုင်တယ်လီဖုန်းကို ဆက်သွယ်ပြီး ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်ရယ်၊ ကိုနေမျိုးထွန်းရယ်၊ ရုပ်သံကင်မရာ သတင်းထောက် ကိုဇင်လင်းထွန်းရယ် မီးလောင်တဲ့နေရာကို ထွက်လာခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကားမောင်းပြီး သွားပါတယ်။ ညပိုင်းမှာ ယာဉ်ကြောရှင်းတဲ့အတွက် ကျွန်တော့်စိတ်ထင် ဆယ့်ငါးမိနစ်လောက်ပဲ မောင်းရပါတယ်။ မီးလောင်ပြင်ကို ရောက်တဲ့အခါ ကျွန်တော်တို့ဆီက သတင်းထောက်ကို တွေ့ပါတယ်။ သူ့ဆီမှာ ဓာတ်ပုံမှတ်တမ်း ယူထားပြီးဖြစ်သလို သတင်းအချက်အလက်တွေလည်း ရရှိထားပြီး ဖြစ်ပါတယ်။ သူက မိန်းကလေး ဖြစ်တဲ့အတွက် ပြန်ဖို့နဲ့ သတင်းထောက်ချုပ် ကိုမာန်သူရှိန်ဆီကို အချက်အလက်တွေပေးဖို့ ကျွန်တော်ပြောပြီး မီးလောင်မှုဖြစ်စဉ်ကို ဓာတ်ပုံမှတ်တမ်း ရယူပါတယ်။ ကျွန်တော်တို့ သတင်းထောက်သာ အဲဒီနားမှာ မရှိရင်လည်း ကျွန်တော်တို့လည်း ဒီလောက်အစောကြီး မရောက်နိုင်ပါဘူး။ ဗလီအတွင်းကို ၀င်ရောက်ပြီး သတင်းရယူတဲ့အခါမှာ ဗလီအတွင်းမှာရှိတဲ့ သူတစ်ယောက်ကို လူအသေအပျောက်ရှိလားလို့ ကျွန်တော်မေးတဲ့အခါ သူကရှိတယ်။ ကလေး ၁၅ ဦးလောက် အပေါ်ထပ်မှာ သေနေတယ်လို့ ပြောတယ်။ မီးလောင်တဲ့ အကြောင်းအရင်းကို မေးကြည့်တော့ ၀ါယာရှော့က စဖြစ်တာလို့ ပြောတယ်။ ပျောက်နေတဲ့ ကလေး လေးယောက်လောက် ရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော် အပေါ်ထပ်ကို တက်ပြီး သတင်းဓာတ်ပုံ ယူတဲ့အခါမှာ မီးသတ်ရဲဘော်တွေရယ် အစ္စလာမ်ဘာသာဝင် အမျိုးသား သုံးလေးယောက်လောက် တွေ့ရတယ်။ သေနေတဲ့ ကလေးငယ်လေးတွေကိုလည်း တွေ့ရပါတယ်။ စိတ်မကောင်းစရာပါ ကျွန်တော့်ဘ၀မှာ ပထမဆုံး မြင်ဖူးတဲ့ မြင်ကွင်းပါ။ ဗလီရဲ့ အပေါ်ထပ်ကို သတင်းဓာတ်ပုံယူပြီး ကျွန်တော် အောက်ကို ရောက်တဲ့အခါမှာ ကျွန်တော်တို့ သတင်းထောက်ချုပ်က ကျွန်တော်ဆီကို တယ်လီဖုန်း ဆက်ပါတယ်။ သေနေတဲ့ ကလေးငယ်တွေရဲ့ သတင်းဓာတ်ပုံတွေလည်း ရတဲ့အကြောင်းလည်း ကျွန်တော်ပြောပြပါတယ်။ ပြီးတော့ ရုံးအထိုင်မှာရှိတဲ့ Web Operator ဆီကို တယ်လီဖုန်းနဲ့ သတင်းအချက်အလက်တွေ ပေးပို့ပါတယ်။ သတင်းထောက်ချုပ်နဲ့ ဆက်သွယ်ပြီး ကနဦး သတင်းတင်ဖို့ ကျွန်တော်ပြောတယ်။ ပြီးတော့ ဗလီအနီးမှာနေတဲ့ ကျွန်တော်တို့ သတင်းထောက်ရဲ့ မန်မိုရီကတ်နဲ့ ကျွန်တော့်ကင်မရာထဲက မန်မိုရီကတ်ကို ရုံးကလိုက်လာတဲ့ သတင်းထောက် ကိုနေမျိုးထွန်းကိုပေးပြီး ရုံးကို သတင်းဓာတ်ပုံတင်ဖို့ ပြန်လွှတ်လိုက်ပါတယ်။ ကျွန်တော်ရယ် ရုပ်သံသတင်းထောက်ရယ် မီးလောင်ပြင်မှာ သတင်းယူဖို့ နေခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင် အချို့ကို ဗလီနဲ့ပတ်သက်ပြီး မေးပါတယ်။ မိဘမဲ့ ကလေးတွေ ၇၀ လောက်ရှိတယ် ဆိုတာရယ် ဘာသာရေး စာသင်ကျောင်း ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ ပြီးတော့ မီးလောင်မှုဖြစ်စဉ် အနီးမှာရှိတဲ့ မီးသတ်အရာရှိကို မေးတဲ့အခါ သေဆုံးတဲ့ကလေး ၁၃ ယောက်ရှိတယ်လို့ ထပ်ပြောတယ်။ မီးလောင်ပြင်မှာ ကြက်ခြေနီ အဖွဲ့ဝင်တွေလည်း ရောက်နေပြီ။ ရဲတပ်ဖွဲ့ဝင် အချို့လည်း ရောက်နေပါပြီ။ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေကိုလည်း တွေ့ရတယ်။ ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ ညှိနှိုင်းပြီး ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို ကားတွေပေါ် တင်ပါတယ်။ ပြီးတော့  ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူးနဲ့ ရန်ကုန်တိုင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးတို့က မီဒီယာတွေကို မီးလောင်မှု အကြောင်းအရင်းနဲ့ သေဆုံးမှုတွေကို အတည်ပြုပေးပါတယ်။ ပြီးတော့ ကျွန်တော်တို့ ရုံးကိုပြန်လာပါတယ်။ မနက်ငါးနာရီ ကျော်နေပြီ"         

elevenexplainbalifiring2-april4

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ၄၈ လမ်း ဗလီအပေါ်ထပ်အား ဧပြီလ ၂ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ဝန်းကျင်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

ကိုယ်တိုင်ရယူသည့် သတင်းထောက်များမှ တာဝန်ရှိသူ အသီးသီး၏ အတည်ပြုချက်များအရ သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ယခုနောက်ဆုံး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အဆင့်ဆင့် စိစစ်ထုတ်ပြန်ချက် အရလည်း "၀ါယာရှော့" ကြောင့်သာ လောင်ကျွမ်းသည့် ဖြစ်ရပ်မှန် ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။

တစ်အချက် Eleven မှ သတင်းထောက်သည် ဖြစ်စဉ်နှင့် အနီးဆုံး နေရာတွင် ရှိသည့်အတွက် သတင်းကို ဦးစွာ ရယူနိုင်ခဲ့သည်၊ နှစ်အချက် တာဝန်ရှိသူ အသီးသီး၊ မျက်မြင်ကိုယ်တွေ့ ရပ်မိရပ်ဖများနှင့် သတင်းထောက်၏ ကိုယ်တိုင်ကြုံတွေ့ရမှုများ၊ အထောက်အထားများအရ "၀ါယာရှော့" ကြောင့်ဟူသည့် အကြောင်းရင်းကို အတည်ပြု ဖော်ပြနိုင်သည်။

မည်သည့် သတင်းမီဒီယာမဆို ယခုကဲ့သို့ သတင်းဦးရရှိပြီး အများပြည်သူ သိရှိရန် သတင်းဖော်ပြကြမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း သတင်းအပါအ၀င် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သတင်းများကိုလည်း Eleven မီဒီယာမှ အချိန်နှင့်တစ်ပြေးညီ သတင်းဖော်ပြခဲ့သည်။

သတင်းဦး ဖော်ပြခဲ့သည့်အတွက် အစိုးရဖြင့် ပူးပေါင်းသည်ဟု ဆိုသော် နာဂစ်မုန်တိုင်းမှာ အစိုးရဖြင့် ပူးပေါင်းတိုက်ခိုင်းလိုက်သလား ဆိုသည်ကို အစွန်းရောက်သည့် အယူအဆရှိသူများကို အရင်ဦးစွာ ဖြေကြားစေလိုပါသည်။

မီဒီယာတစ်ခု၏ တာဝန်အရ အစိုးရသို့လည်း Eleven မှ ဝေဖန်ချက် များစွာပြုလုပ်သည်၊ အင်အားကြီး ခရိုနီများကိုလည်း ဝေဖန်ထောက်ပြသည်၊ နိုင်ငံရေး ပါတီများသို့လည်း အင်အားကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ လိုအပ်ချက်များ ရှိပါက ထောက်ပြသည်၊ မည်သည့် အဖွဲ့အစည်းကိုမဆို ထောက်ပြဝေဖန်လျက် ရှိပါသည်။

ထို့ကြောင့် မီဒီယာသည် အမှန်တရားဘက်တွင်သာ ရပ်တည်ရပါမည်။ အမှန်တရားမှ လွဲ၍လည်း မှန်သည့်အရာ ဘာမျှရှိနိုင်တော့မည် မဟုတ်ပါ။           

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။