Thursday, April 4, 2013

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကင်းထောက်လူငယ်များနှင့် ဘက်စုံပညာ ထူးချွန်ကျောင်းသားများ နေပြည်တော်တွင် တွေ့ဆုံပွဲ ကျင်းပမည်

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကင်းထောက်လူငယ်များနှင့် ဘက်စုံပညာ ထူးချွန်ကျောင်းသားများ ၂၀၁၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် နေပြည်တော်ရှိ MICC အစည်းအဝေးခန်းမတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကင်းထောက်လူငယ် စုစုပေါင်း ၄၈၀ ဦးနှင့် ဘက်စုံပညာ ထူးချွန်ကျောင်းသား ၅၁၀ ဦး တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ တက်ရောက်မည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးတင်လှိုင်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး ကင်းထောက်လူငယ်အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသား ကင်းထောက်အဖွဲ့အား ၁၉၂၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းမှ အသိအမှတ်ပြုခြင်း ခံခဲ့ရကာ ၁၉၆၂ ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲကြောင့် မှေးမှိန်ခဲ့ရကြောင်း ၂၀၁၃ ခုနှစ်တွင် အာရှပစ္စပိတ် ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းနှင့် ဆက်သွယ်ကာ ပြန်လည်ပါဝင်နိုင်အောင် ကြိုးစားလျက်ရှိကြောင်း သိရှိရသည်။

"ကင်းထောက်အဖွဲ့ဟာ စစ်သဘောတရား မပါ နိုင်ငံရေး ၀င်ရောက်မစွက်ဘက်ပဲ လူမှုဝန်ထမ်းသက်သက်သာ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ကင်းထောက်အဖွဲ့ဟာ အများအကျိုးအတွက် အဆင်သင့်ဖြစ်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီကနေ့ လူငယ်တိုင်းဟာ ကင်းထောက်စိတ်ဓာတ်တွေ ရှိနေမယ်ဆိုရင် အနာဂတ်မှာ နိုင်ငံတော်အတွက် အများကြီး ကောင်းလာမှာပါ" ဟု ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးတင်လှိုင်မှ ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။