Saturday, May 11, 2013

ရခိုင်ပြည်နယ်ပြန်၍ အနောက်တံခါးကို ကာကွယ်သင့်ဟု ၀န်ကြီးပြောကြား

နေရာအနှံ့၌ ပြန်ကျဲစွာနေထိုင်ကြသည့် ရခိုင်လူမျိုးများအနေဖြင့် ရခိုင်ပြည်နယ်၌ ပြန်လည်နေထိုင်ကာ အနောက်တံခါးအား ကာကွယ်သင့်သည်ဟု ရခိုင်တိုင်းရင်သားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြား သည်။

 

မေလ(၈)ရက်နေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သော ရခိုင်လူအခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)နှင့် ရခိုင်အင်အားစုများတွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

"ရခိုင်တွေက မိမိတို့ အသိစိတ်ဓါတ်နဲ့ အနောက်တံခါးကို ကာကွယ်နေကြတယ်။ အနောက်တံခါးကြီးက မပြိုသေးဘူး ယိုင်နဲ့ရုံပဲ ရှိသေးတယ်။ အဲဒီတံခါးကြီးယိုင်နဲ့သွားရင် ရခိုင်ပြည်နယ်ပါ မကဘူး။ ပြည်ထောင်စုပါ ထိခိုက်နိုင်တယ်။ ရခိုင်တွေ အားလုံးပြန်လာနေပြီးတော့ ရခိုင်ပြည်နယ်မှာပြန်နေပါ။ ရခိုင်ပြည်နယ်ကို ကာကွယ် ပါ စောင့်ရှောက်ပါ" ဟု ရခိုင် တိုင်းရင်သားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုက်တွန်းပြောကြားလိုက်သည်။ 

 

ရခိုင်ပြည်နယ်၌ လက်ရှိနေထိုင်သူ အများစုမှာ ရခိုင်လူမျိုးခေတ်ပညာတတ် လူငယ်များနည်းပါကြောင်း တုတ်ကောက်ကိုင်သည့် လူကြီးနှင့် နို့စို့အရွယ်ကလေးများသာ ရှိကြောင်း၊ ရခိုင်လူမျိုးများအနေဖြင့် အခြားနိုင်ငံ အခြားမြို့ရွာများသို့ ပျံ့နှံ့နေထိုင်ရောက်ရှိနေသည့်အတွက် ရခိုင်ပြည်နယ်တွင် ပြန်လည်နေထိုင်ကာ အနောက် တံခါးကို ကာကွယ်သင့်သည်ဟု ဆက်ပြောသည်။

 

ရခိုင်ပြည်နယ်၌ ရခိုင်လူမျိုးအရေအတွက်မှာ နည်းပါးလျက်ရှိပြီး လူဦးရေထူထပ်များပြားသည့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်မြေခြင်းထိစပ်လျက်ရှိနေသောကြောင့် တရားမ၀င်ခိုးဝင်သူများ ရှိနေကြောင်းကို လည်း သိရှိရသည်။

 

"အဲဒီမှာရှိတဲ့ပြည်သူလူထုပေါ့ ရခိုင်အပါအ၀င် တခြားလူမျိုးတွေရှိတယ်လေ အားလုံးကာကွယ်မှပဲ တခြားနိုင်ငံ က ခိုးဝင်လာတဲ့ လူတွေကို တာဆီးနိုင်မယ်။ လုံခြုံရေးအရလည်း ကိုယ့်ပြည်သူလူထုကို ပြည့်ပြည့်၀၀ အကာ အကွယ်ပေးနိုင်မယ်ပေါ့နော်၊ အဲဒီမှာရှိတဲ့ ဒေသခံတွေနဲ့ ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ လုပ်ဆောင် သွားလို့ရှိရင်တော့ အစိုးရအနေနဲ့လည်း ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ထင်တယ်ပေါ့နော်" ဟု ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ ဦးဇော်မင်းဦးက ပြောသည်။

 

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသော ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ကိုလည်း ၀န်ကြီးမှ ကြိုဆိုကြောင်း ရခိုင်လူမျိုးများသည် တိုင်းရင်သားလူမျိုးများထဲတွင် အဖွဲ့အများဆုံးရှိသော လူမျိုး ဖြစ်ကြောင်း ၀န်ကြီးက သုံးသပ်ပြောဆိုသည်။

 

"ရခိုင်တွေဟာ အဲဒီတံခါးကိုဘယ်သူမှ မခိုင်းစေပဲနဲ့ ကိုယ်ဟာကိုယ် ကာကွယ်နေကြတယ်။ အဲလိုသာ မကာကွယ်ဘူးဆိုရင် ရွှေတိဂုံဘုရားကြီးက ပြတိုက်ဖြစ်သွားလိမ့်မယ်ဆိုတာကို ၀န်ကြီးအမြဲတမ်းပြောတဲ့ စကားလေးပါ၊ အမျိုးဘာသာသာသနာ ဗုဒ္ဓဘာသာတရားတော်ရဲ့ ငါးပါးသီလနဲ့ အညီနေသွားမယ် ဆိုလို့ရှိရင် မည်သည့်လူမျိုး၊ နိုင်ငံ၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အားလုံးအတူနေထိုင်သွားကြမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ စည်းကမ်းတကျနဲ့ သပ်သပ်ရပ်ရပ်နေကြရမယ်" ရခိုင်လူငယ်များအဖွဲ့ ကိုဖိုးသားက ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လူမျိုးတစ်စုနှင့် တစ်စု ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပြီး လက်ရှိ တွင်  ဒေသတွင်း၌ အိမ်ထောင်စုသန်ကောင်းစာရင်းများ ကောက်ယူလျက်ရှိသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။