Monday, February 25, 2013

မြန်မာ မက်ခရိုင် အင်ဒတ်(စ်)ထရီ ကုမ္ပဏီ လီမိတက်မှ တရားစွဲဆိုတော့မည်

ရယ်ဒီ အေ၀မ်း ငါးသေတ္တာ ထုတ်လုပ်သော မြန်မာ မက်ခရိုင် အင်ဒတ်(စ်)ထရီ ကုမ္ပဏီ လီမိတက်မှ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန လက်အောက်ရှိ မွေးမြူရေး အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းအား တရားစွဲဆိုတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

 

"ဥပဒေအရ တန်ပြန် အရေးယူမှု လုပ်လို့ရပြီ။ အမှုကတော့ ရင်းနှီးမြှုပ်နှံမှု အနှစ် နှစ်ဆယ် စာချုပ်ကို မြွတ်ဟ ပေးစေလိုမှုပါ။ အဲဒီလို တရားစွဲထားတုန်းမှာ ဌာနကနေ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့ ကျွန်တော်တို့ကို ရဲခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်ဖို့ လုပ်ရင် အယူခံလည်း တင်မယ်။ တရားရုံးကို မထေမဲ့မြင် ဥပဒေ ပုဒ်မ သုံးနဲ့ ထပ်စွဲဖို့ အစီအစဉ် ရှိပါတယ်" ဟု ကုမ္ပဏီ၏ တရား လွှတ်တော် ရှေ့နေ ဦးထွန်းအေးက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။

ရန်ကုန် တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ စက်မှုဇုန်၊ မြမာလာလမ်း၊ အမှတ် ၈၂ ရှိ ဌာနပိုင် သာကေတ စည်သွတ် စက်ရုံနှင့် မြေဧရိယာ ၄ ဒသမ ၇၀ ဧကအား ၁၉၉၇ ခုနှစ် မေ ၁၅ ရက်မှ စတင်ကာ အထက်ပါ ဌာနနှင့် ကုမ္ပဏီကြားတွင် တစ်နှစ်လျှင် ငှားရမ်းခ ၉ ဒသမ ၀၄၃ သန်းဖြင့် စတင်ကာ ငှားရမ်းခြင်း သဘောတူ စာချုပ်ကို ကနဦး အနှစ် နှစ်ဆယ် နှင့် ငါးနှစ်စီ တစ်ကြိမ် သက်တမ်း တိုးနိုင်ကြောင်း နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ၂၀၀၈ ခုနှစ်တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ ၎င်းစက်ရုံအား လေလံ တင်သောအခါ ကုမ္ပဏီမှ ကန့်ကွက်ခြင်း မရှိဘဲ လေလံ အပြိုင် ၀င်ဆွဲရာ မရဘဲ ဒေါ်မေအေးမွန်မှာ ကျပ်သန်းပေါင်း ၃,၂၉၀ ဖြင့် ၀ယ်ယူခွင့် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် အဆိုပါ ဌာနမှ အထွေထွေ မန်နေဂျာ ဒေါက်တာပြည့်စုံက ပြောသည်။

"လေလံ အောင်တဲ့ သူကလည်း ငွေအကြေ ပေးသွင်းပြီးသားမို့ အစိုးရ ဌာန အနေနဲ့ လွှဲပေးရတော့မှာမို့လို့ နောက် နှစ်လ အတွင်းမှာ အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့ ရဲခေါ်ပြီး စက်ရုံထဲက ဆွဲထုတ်တော့မယ်" ဟု ၎င်းက ပြောသည်။

ရယ်ဒီ အေ၀မ်း ငါးသေတ္တာ ထုတ်လုပ်သော မြန်မာ မက်ခရို အင်ဒတ်(စ)ထရီ ကုမ္ပဏီ လီမိတက်၏ စက်ရုံတွင် ၀န်ထမ်း ၂၁၄ ဦးရှိပြီး ကုမ္ပဏီဘက်မှ ဌာနအား တရား မစွဲမီ သာကေတမြို့နယ် လွှတ်တော် ကိုယ်စားလှယ်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်နှင့် သမ္မတထံ တိုင်စာများ ထပ်မံ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။