Thursday, April 19, 2012

ဧပြီလကုန်ပိုင်းတွင် ကဒ်အသုံးပြု MPUစနစ်အား စတင်စမ်းသပ်မည် ဥာဏ်ဥာဏ်(မြစ်မခ)

ဧပြီလကုန်ပိုင်းတွင် ကဒ်အသုံးပြု MPUစနစ်အား စတင်စမ်းသပ်မည်
ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup on 19 Apr, 2012



ဘဏ်အားလုံးတွင်ကဒ်စနစ်အသုံးပြုကာ ငွေထုတ်ယူခြင်း၊ ငွေလွှဲပြောင်းခြင်းများပြုလုပ်နိုင်မည့် MPU စနစ် အား  ယခုလကုန်ပိုင်းတွင်  စတင်စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာငွေပေးချေမှုအဖွဲ့ (Myanmar Payment Union)က သိရှိရသည်။
 

ငွေထုတ်ယူခြင်း၊ ငွေလွှဲပြောင်းခြင်းများပြုလုပ်နိုင်မည့် MPU စနစ် Chip ကဒ်စနစ်တွင်  ဘဏ်တစ်ခုနှင့် တစ်ခု ချိတ်ဆက် ဆောင်ရွက်နိုင်ရန် MPU စနစ်ပါဝင်သည့် ဘဏ်များတွင် ကိုယ်ပိုင်ဆိုင်ဘာလင့်ခ်နက်ဝေါ့(ခ်)ထားရှိ ရမည် ဖြစ်သည်။
 
 “MPU စနစ်က ဆောင်ရွက်ဖို့အတွက် Data Center တစ်ခုကိုလည်း တည်ဆောက်ရမှာ ဖြစ်ပါတယ်” ဟု MPU တာဝန်ရှိသူတစ်ဦးကပြောသည်။
Data Center ကို ပြီးခဲ့သည့် လပိုင်းက ရန်ကုန်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် စတင်တည်ဆောက်ခဲ့ပြီး  ယခုလ ပထမပတ် အတွင်းတွင် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါ Data Center တွင် ထားရှိမည့် Computer Server များကိုလည်း ယခုလအတွင်း တပ်ဆင်သွားမည် ဖြစ်သည်။
 
“MPU စနစ် ပါဝင်မယ့် ဘဏ်တွေက သူတို့ဘဏ်တွေမှာရှိတဲ့ ကိုယ်ပိုင် Network တွေကို Data Center နဲ့ ချိတ်ဆက်မှုကို ဒီလအတွင်း ချိတ်ဆက်ပြီး MPUစနစ်ကို စမ်းသပ်ဆောင်ရွက်မှာပါ ” ဟု ၄င်းက ဆိုသည်။
 
ယခုလက်ရှိ သုံးစွဲ လျက်ရှိသော ATM ကဒ်များသည် ဘဏ်တစ်ခုမှ တစ်ခုသို့ ပြောင်လဲအသုံးပြု၍ မရနိုင်ကြောင်းနှင့် အဆိုပါ MPU စနစ်မှာ ATM ကဒ်စနစ်ထက် ငွေကြေးသုံးစွဲရာတွင် ပိုမိုအဆင်ပြေစေမည့့်  Chip ကဒ်စနစ်ကို ပြောင်းလဲ သုံးစွဲထားကြောင်း သိရှိရသည်။
 
အဆိုပါ စနစ်သုံး Chip ကဒ်တွင် ပါဝင်သည့် ငွေကြေးများအား MPU စနစ်  အသုံးပြုထားသော ဘဏ်အားလုံး တွင် ထုတ်ယူနိုင်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်(၁၃)ခုနှင့် အစိုးရဘဏ် (၃)ခုတို့တွင် အဆိုပါစနစ်အား အသုံးပြုနိုင်မည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။