Tuesday, August 6, 2013

မူးယစ်ဆေးဝါးနှင့် တရားမ၀င် မော်တော်ယာဉ်ကိစ္စများတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးကို အရေးယူထား

ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် မလျော်ညီဘဲ မူးယစ်ဆေးဝါးကိစ္စ၊ တရားမ၀င် မော်တော်ယာဉ်များ ကိစ္စများတွင် ပါဝင်ပတ်သက်သည့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးအား ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများအပြင် တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က သြဂုတ် ၅ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဇွန် ၁၆ ရက်မှ ဇူလိုင် ၂ ရက်အထိ တမူးမြို့နှင့် ကလေးမြို့များတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ကလေးမြို့မှ မန္တလေးမြို့နှင့် လားရှိုးမြို့များသို့ ဆူဒိုအက်ဖီဒရင်းဆေးပြား သယ်ဆောင် ရောင်းဝယ်နေသည့် အဖွဲ့တစ်ဖွဲ့ကို ဖော်ထုတ် နိုင်ခဲ့ကြောင်း၊ မန္တလေးမြို့နှင့် လားရှိုးမြို့မှ တရားခံ ၁၈ ဦး ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး ခြောက်ဦးကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးမြို့တွင် အက်ဖီဒရင်း၊ ဆူဒိုအက်ဖီဒရင်းပါ ဆေးပြား၊ အမှုန့်စသည့် ပစ္စည်းများအပြင် မော်တော်ယာဉ်နှစ်စီး၊ ပစ္စတို၊ မိန်းမကိုင် ၅ လုံးပြူး သေနတ်တစ်လက်နှင့် ကျည် ၁၇ တောင့်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။

''ဆူဒိုအက်ဖီဒရင်း အဓိက ၀ယ်ယူနေတဲ့ လားရှိုးမြို့နေ စိုင်းလှထွန်း (ခ) အိုက်ကျိုင်းဟာ ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ -တရုတ် နယ်စပ်မှာ တိမ်းရှောင်နေပါတယ်။ ၎င်းကို ဖမ်းဆီးနိုင်ဖို့ တစ်ဖက်နိုင်ငံနဲ့ ညှိနှိုင်းနေပါတယ်'' ဟု ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။ ဆူဒိုအက်ဖီဒရင်း ဆေးရောင်းသူများသည် အိန္ဒိယနိုင်ငံ သားများဖြစ်၍ ကွင်းဆက် တရားခံများ ဖမ်းဆီးနိုင်ရေး နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်နိုင်ရန် ညှိနှိုင်းနေကြောင်း သိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။