Tuesday, August 6, 2013

သစ်တင်လှည်းကို အမြန်ရထား ၀င်တိုက်မိ

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ လက်တက်ကျေးရွာအနီးတွင် ရန်ကုန်-ပုဂံ လူစီးအမြန်ရထားသည် ရထားလမ်းကို ဖြတ်ကူးမောင်းနှင်သည့် လှည်းတစ်စီးနှင့် တိုက်မိကြောင်း အဆိုပါဒေသရှိ ရဲစခန်းမှ စုံစမ်း ရရှိသည်။

ရထားလမ်းကို ဖြတ်ကူးနေသည့် လှည်းနှစ်စီးအနက် ရှေ့လှည်းကို ရထားက တိုက်မိခြင်းဖြစ်ပြီး လှည်းမောင်းသူသည် ရထားတိုက်မိခါနီးတွင် လှည်းပေါ်မှ ခုန်ချထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားခဲ့သော်လည်း လှည်းမှာမူ တုံးလုံးလဲသွားခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တောင်တွင်းကြီးရှိ ရထားရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇော်လွင်ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် လှည်းသမားနှစ်ဦးကို ရထားဥပဒေဖြင့် တရားစွဲရန်အမှုဖွင့်ထားကြောင်း ဒေသရဲစခန်းက သတင်းထုတ်ပြန်သည်။

ထို့ပြင် ရထားတိုက်မိသဖြင့် ပိုင်ရှင်လှည်းသမားများ စွန့်ခွာထွက်ပြေးသွားသည့် ယင်းလှည်းများပေါ်တွင် တရားမ၀င် ကျွန်းသစ်များလည်း တင်ဆောင်လာခဲ့ကြောင်း ရဲများက ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲ ဌာနကဆိုသည်။

ထို့ကြောင့် အဆိုပါကျွန်းသစ်များကို သစ်တောဌာနသို့ အပ်နှံကာ လှည်းပိုင်ရှင်များကို တရားမ၀င်သစ်များ သယ်ဆောင်မှုဖြင့်လည်း ထပ်မံတရားစွဲရန်အမှုဖွင့်ထားသည်ဟု ရဲစခန်း၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

လှည်းပိုင်ရှင်များကိုမူ ယခုအချိန်အထိ မည်သူမည်ဝါဖြစ်သည်ကို ရဲများမသိရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု စုံစမ်းရရှိသည်။

ဟင်္သာ(တောင်တွင်း)
Mizzima 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။