မေ ၇ ရက်နေ့က ဒလမြို့နယ်အတွင်း ရေအလှူရှင်များကို စောင့်မျှော်နေကြသူများအား မြင်တွေ့ရစဉ်
အစောပိုင်း ကာလများက မြန်မာနိုင်ငံသို့ အယ်လ်နီညို ၀င်ရောက်နိုင်ခြင်း မရှိဟု ဆိုထားသော်လည်း မေလဆန်းပိုင်းထိ မုတ်သုံလေ ၀င်ရောက်မှု နောက်ကျနေခြင်းကြောင့် မြန်မာနိုင်ငံအ၀ှမ်း နေ့အပူချိန် သိသိသာသာ မြင့်မားနေသဖြင့် ၂၀၁၀ နွေရာသီ ကာလမျိုး တကျော့ပြန် ကြုံတွေ့နေရပြီလားဟု လယ်သမားများမှာ စိုးရိမ်စိတ်များ ရှိနေကြသည်။
တစ်နှစ်ထက်တစ်နှစ် မိုးရွာသွန်းမှု လျော့ကျလာခြင်းနှင့်အတူ မြေအောက်ရေ ကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသရှိ စမ်းတွင်းအချို့နှင့် ရေတွင်းအချို့မှာ ခန်းခြောက်မှု ရှိလာခဲ့သည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသ တစ်ခုဖြစ်သည့် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင်းရှိ လှည်းကျိုးကျေးရွာတွင်လည်း နွေရာသီတိုင်း နှစ်စဉ်အားထားနေရသည့် သဘာဝစမ်းတွင်း ရေထွက်ရှိမှု နည်းပါးသောကြောင့် ရေတစ်ပုံးနှင့် တစ်ပုံးကြား နာရီဝက်ခန့် စောင့်ဆိုင်း၍ ခပ်နေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ ဖြစ်ပေါ်နေမှုများသည် မြန်မာနိုင်ငံ တ၀ှမ်းရှိ ယခင်က ပေါများစွာ ရှိခဲ့သည့် သဘာဝ သစ်တောများအား စစ်အစိုးရလက်ထက် အဆက်ဆက် ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ၏ အပြောင်ရှင်း စနစ်ဖြင့် သစ်ခုတ်ခြင်းကို မတားဆီးနိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် သာမကဘဲ အထက်ပိုင်း ဒေသများတွင်ပါ သဲကန္တာရဆန်သည့် ရာသီဥတုမျိုး ခံစားနေခြင်းဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလေ့လာရေး ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။
ရေရှားတာ ဒီနှစ်ပါနဲ့ဆို လေးနှစ်လောက် ရှိပါပြီ။ သုံးရေအတွက်က ခန်းလုဆဲဆဲ ကန်တွေဆီကနေ ခပ်ယူလို့ ရနိုင်ပေမယ့် သောက်ရေအတွက်ကတော့ ရေလာလှူတဲ့ လူတွေဆီက ရေကိုပဲ အဓိက အားထားနေရတာပေါ့။ လှူတဲ့လူ မရှိရင် ညီမတို့အတွက် တော်တော်ခက်ခဲသွားမှာပါ . . . . . |
ယခုနှစ် အစောပိုင်း ကာလမှစ၍ နေ့အပူချိန်ကြောင့် ကန်ရေခမ်းခြောက်မှု ဒေသအနှံ့အပြား ဖြစ်ပေါ်ခဲ့ပြီး မကွေးတိုင်း ပေါက်မြို့နယ်ရှိ ရေထွက်ကျေးရွာနှင့် ရှားဇင်းကျေးရွာတို့တွင် ရေပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရကာ မိသားစုတစ်စုလျှင် ရေဆယ်ဂါလံအား ခုနှစ်ရက် တစ်ပတ်စာ လုံလောက်အောင် သုံးစွဲနေရသည်။
"ရေပြတ်လပ်မှုတွေက မကွေးတိုင်းထဲတင် မဟုတ်ဘဲ မြန်မာနိုင်ငံ အလယ်ပိုင်း တိုင်းဒေသကြီး အများစုမှာ ကြုံတွေ့နေကြရတာပါ။ အခု ရေပြတ်လပ်တယ်လို့ သိရတာတွေက ကျွန်တော်တို့ သတင်းရနိုင်တဲ့ နေရာတွေပဲ ရှိပါတယ်။ အဆယ်အသွယ်ပြတ်တဲ့ နေရာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီနေရာတွေကို လူမှုရေး အသင်းအဖွဲ့တွေက သွားရောက်ကူညီနေတယ် ဆိုပေမယ့် ဆေးမြီးတိုနဲ့ ကုတဲ့သဘောဘဲ ဖြစ်နေမှာပါ။ ရေရှားပါးရတဲ့ အကြောင်းအရင်းတွေကို စုံစမ်းပြီး နိုင်ငံတော်အဆင့် အနေနဲ့ စီမံချက်တွေ ဖော်ဆောင်မှ အမှန်တကယ် ထိရောက်မှာပါ။ ကမ္ဘာ့ဘဏ်ကနေ ကျေးလက်ဖွံ့ဖြိုးရေးအတွက် လှူဒါန်းခဲ့တဲ့ ငွေတွေကို အခုရေပြတ်လပ်မှု ကြုံနေရတဲ့ ဒေသတွေအတွက် ပထမဦးစားပေး အသုံးပြုသင့်ပါတယ်" ဟု မကွေးမြို့ ဖြစ်ကွေ့ဧရာ လူမှုကွန်ယက်မှ ကိုအောင်ကျော်ကျော်က ပြောသည်။
မန္တလေးမြို့ရှိ မြို့နယ်အချို့တွင် ရေရရှိရန် ခက်ခဲနေသဖြင့် မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် ကိုယ်အားကိုယ်ကိုး တနိုင်အ၀ီစိရေတွင်း သုံးစွဲမှု များပြားနေကြောင်း သိရသည်။ "မိုးနဲ့ဆောင်းမှာ သိပ်မသိသာပေမယ့် နွေရာသီမှာ ရေလိုအပ်ချက် ပိုများလာတာနဲ့အမျှ ရေတွင်းတွေက ရေအထွက် နည်းလာတယ်" ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက ဆိုသည်။
ယခင်နှစ် မိုးရာသီတွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အတွက် ယခုနှစ်နွေရာသီ မတ်လဆန်းမှစ၍ ရေတွင်းများတွင် ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လျက် ရှိသည့်အတွက် ပုဂ္ဂလိက ရေအလှူရှင်များ ရေဖြန့်ဖြူး လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ "ရေပြတ်တာကတော့ မတ်လကတည်းက စပြတ်တာ အခုလောက်သာ ဆိုးရွားမှု မရှိတာ။ အခုဆိုရင် ရေတွင်းတွေမှာ ရေကလုံးဝ မရတော့ဘူး" ဟု ရွာကောက်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
အလားတူပင် မြန်မာပြည်အောက်ပိုင်း ဒေသများတွင်လည်း အပူချိန် မြင့်မားလာခြင်းနှင့် နွေရာသီကာလ တာရှည်လာခြင်းကြောင့် ရေခမ်းခြောက်မှုနှင့် ချောင်းရေ နည်းပါးလာခြင်းတို့ကြောင့် ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ လူနှင့် တိရိစ္ဆာန်များအတွက် သောက်သုံးရေ ခက်ခဲမှုများ ဖြစ်ပွားလျက် ရှိသည်။ ရန်ကုန်မြို့လယ်နှင့် အနီးဆုံးဖြစ်သော ဒလမြို့တွင် နှစ်စဉ်ဖြစ်မြဲ ဖြစ်နေသော သောက်သုံးရေ ရှားပါးမှုဒဏ်ကို ယခုနှစ် ဧပြီလ ကတည်းက စ၍ ခံစားနေရသည်။
"ရေရှားတာ ဒီနှစ်ပါနဲ့ဆို လေးနှစ်လောက် ရှိပါပြီ။ သုံးရေအတွက်က ခန်းလုဆဲဆဲ ကန်တွေဆီကနေ ခပ်ယူလို့ ရနိုင်ပေမယ့် သောက်ရေအတွက်ကတော့ ရေလာလှူတဲ့ လူတွေဆီက ရေကိုပဲ အဓိက အားထားနေရတာပေါ့။ လှူတဲ့လူ မရှိရင် ညီမတို့အတွက် တော်တော်ခက်ခဲသွားမှာပါ။ နှစ်တိုင်းကြုံတွေ့နေရတဲ့ ဒီရေအခက်အခဲလေး ပြေလည်အောင်လို့ ရပ်ကွက်၊ ကျေးရွာတိုင်းမှာ သောက်ရေ၊ သုံးရေအတွက် ရေတုံကင်လေးတွေ လုပ်ပေးရင်တော့ ကောင်းမှာပဲ" ဟု ဒလမြို့နယ်၊ ကျောင်းစုကျေးရွာမှ ရေအလှူရှင်ကို လာရောက်စောင့်ဆိုင်းနေသော မတင်မိုးခိုင်က ပြောသည်။
ရေအခက်ခဲ ဖြစ်သောကြောင့် အစိုးရ တာဝန်ရှိသူနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ရေတုံကင်များ လာရောက်လှူဒါန်းပေးမှု ရှိသော်လည်း လူဦးရေ ထူထပ်သော ရပ်ကွက်များတွင် ရေပေးဝေရာ၌ လုံလောက်မှု မရှိကြောင်း၊ ရပ်ကွက်၊ ကျေးရွာအများစုတွင် တစ်ရက်လျှင် နှစ်နာရီခန့်၊ တစ်ပတ်လျှင် သုံးရက်ခန့်သာ ပေးဝေနေ၍ ရေအခက်အခဲမှာ ဆက်လက်ဖြစ်ပေါ်သည်ဟုလည်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တစ်လျှောက် ကျေးရွာအချို့ရှိ ရေတွင်းရေကန် ခမ်းခြောက်ခြင်း ချောင်းရေနည်းပါးခြင်းများကြောင့် ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ လူနှင့် တိရစ္ဆာန်များအတွက် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။
"အိမ်ခြေ ၁၀၀ လောက်မှာ ရေတွင်းက ၁၀ တွင်းလောက်ပဲ ရှိတယ်။ အကုန်လုံး ရေခမ်းနေတယ်။ ရေတုံကင်လည်း တူးလို့မရဘူး။ အောက်ခံမြေသားတွေက ကျောက်သားတွေ ဖြစ်နေလို့ သောက်သုံးရေ ရဖို့အတွက် ရှိတဲ့ရေတွင်းက ရေစိမ့်ထွက်တဲ့ ရေလောက်ကိုပဲ လူနဲ့ တိရစ္ဆာန် မျှသုံးနေရတာ။ ကျွဲနွား တိရစ္ဆာန်တွေတော့ ၀မ်းပျက်ဝမ်းလျှောရောဂါတွေ မကြာခဏ ဖြစ်တယ်" ဟု တောင်ငူမြို့နယ် သဲတာကျေးရွာမှ ဒေသခံများက ပြောသည်။
မြန်မာနိုင်ငံတွင်း မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခြင်းနဲ့အတူ မိုးရွာသွန်းမှု ယခင်နှစ်များကထက် ပို၍နောက်ကျခဲ့ပါက မြန်မာနိုင်ငံ ဒေသတ၀ှမ်းတွင် ရေရှားပါး ပြတ်လပ်မှုနှင့်အတူ တခြားသော ကျန်းမာရေး ပြဿနာများ၊ လူမှုရေး ပြဿနာများပါ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည်။ ရာသီဥတု ပြောင်းလဲမှုအား မည်သို့မျှ ကာကွယ်ရန် မဖြစ်နိုင်ဟု လွယ်လွယ်နှင့် ဆိုကြသော်လည်း အမှန်တကယ်အားဖြင့် ယခင်ဆယ်စုနှစ်များ ကျော်ကျော် ကာလက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအပေါ် ဂရုတစိုက် အားထုတ်ခဲ့လျှင် ယခုကဲ့သို့ ရာသီဥတု ဆိုးဝါးမှုဒဏ်၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု ရှိလိမ့်မည် မဟုတ်ဟု အများစုက ယူဆထားကြသည်။
"ရေအသက် တစ်မနက်" ဟု ဆိုသည်။ ဤကဲ့သို့သာ အချိန်မှီ မိုးရွာသွန်းခြင်း မရှိပါက နိုင်ငံတ၀ှမ်း ရေရှားပါးမှုကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများအပေါ် သက်ဆိုင်ရာ အစိုးရအနေဖြင့် မည်မျှကြိုတင် ပြင်ဆင်ထားသည်ကို မကြာမီ တွေ့ရတော့မည် ဖြစ်ပေသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။