Monday, March 4, 2013

ရွာမသံမဏိစက်ရုံ(၃)အနီး၌ ကားအိုဟောင်းပစ္စည်းဈေးကွက် ကြီးမားလာ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမရပ်ကွက်ရှိ သံမဏီစက်ရုံအမှတ်(၃)အနီးတွင် ကားအိုဟောင်းယာဉ် အပ်နှံမှုအတွက် အသုံးဝင်မည့်ကားပစ္စည်းများကို ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် ပြုလုပ်ပြီး ဈေးကွက်တစ်ခုကဲ့သို့   ဖြစ်ပေါ်လျက်ရှိသည်ဟု ရောင်းဝယ်သူများထံက သိရှိရသည်။

 

 "စလစ်တွေဝယ်ပြီး ပြန်အပ်တဲ့ ကားတွေက ကူရှင်ကောင်းသေးတယ်ဆိုရင်ဝယ်တဲ့သူရှိရင် အဟောင်းနဲ့ လဲထည့်ပေးတယ်၊ အကောင်းကို ဖြုတ်လဲထားလိုက်တယ်၊ပြန်ရောင်းရင်တော့ ကြိုက်ရောင်းကြိုက်ဝယ်ပါပဲ ၊  ဈေးနှုန်းသတ်မှတ်ချက်မရှိပါဘူး၊ ရောင်းရပါတယ်၊ " ဟု ကားပစ္စည်းများ ရောင်းဝယ်ပြုလုပ်နေသည့် မမြင့်မြင့်စိန်က ပြောသည်။

 

အဆိုပါ ကားအိုဟောင်းပစ္စည်းများ ၀ယ်ရောင်းပြုလုပ်နေသူများသည် တစ်ရက်လျှင်ငွေကျပ် ၂သိန်း မှ ၃သိန်းဝန်းကျင် အထိ ရောင်းချနေကြပြီးအရောင်း အ၀ယ်ပါးသည့်နေ့တွင် တစ်ရက်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိရောင်း ရကြောင်း ၄င်းက ဆက်ပြောသည်။

 

ထိုကဲ့သို့ အရောင်းအ၀ယ်ဖြစ်နေရခြင်းမှာ ဘုရင့်နောင်ကားပစ္စည်းအရောင်းဈေးကွက်မှ ကားပစ္စည်းများထက် ထက်ဝက်ကျော်ဈေးနှုန်းသက်သာခြင်းကြောင့်ဖြစ်သည်ဟု ကားကူရှင်လာဝယ်သူ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

"ဘုရင့်နောင်ဈေးမှာ သွားဝယ်တာထက် ထက်ဝက်လောက် သက်သာတယ်၊ ဒါကြောင့်မို့ကျွန်တော်က အခု ကားထိုင်ခုံ လာဝယ်တာပါ " ဟု တက္ကစီယာဉ်မောင်း ကိုသက်က ပြောသည်။

 

ဘုရင့်နောင်ဈေးတွင် ပီနံကျကားထိုင်ခုံ နှစ်ခုလျှင် ငွေကျပ် ငါးသောင်းမှခြောက်သောင်းဝန်းကျင် ဈေးနှုန်းရှိပြီး ကားအိုဟောင်းယာဉ်အပ်နှံမှု အနီးရှိကားပစ္စည်းအရောင်းအ၀ယ် ဈေးကွက်တွင် ကားထိုင်ခုံနှစ်ခုကို ငွေကျပ် တစ်သောင်းခြောက်ထောင် ၊ နှစ်သောင်းခွဲဖြင့် ၀ယ်ယူနိုင်ကြောင်းကားပစ္စည်းအရောင်းဈေးကွက်မှ သိရှိရသည်။

 

" ကိုယ်အပ်ရမယ့် ကားမှာ ပစ္စည်းတွေက ကောင်းနေသေးတယ်ဆိုရင် ထိုင်ခုံတို့ဘာတို့  အစရှိသဖြင့်ပေါ့ ဖြုတ်ပြီးတော့ အဟောင်းနဲ့ လဲတပ်လိုက်တယ်ကိုယ့်အတွက်သုံးဖို့စွဲဖို့လေးရတာပေါ့၊လိုအပ်တဲ့သူလည်း ၀ယ်တဲ့အခါ ဈေးသက်သက် သာသာနဲ့ ပစ္စည်းကောင်းရတာပေါ့"ဟု ကားလာရောက် အပ်နှံသူတစ်ဦးမှပြောသည်။

 

ကားအိုဟောင်းယာဉ်များကို ပြန်လည်အပ်နှံရာတွင် ကားအင်္ဂါအပြည့်အစုံပါရမည်ဖြစ်ပြီး၊ ကားပိုင်ရှင်က က.ည.နမှ ထုတ်ပေးသည့် ပုံစံ(ဃ)မိတ္တူ နှင့် ပုံစံ(စ) မူရင်းကိုစက်ရုံသို့ ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

 

သံမဏိစက်ရုံမှ ပုံစံ(ဃ)နှင့်(စ)ပေါ်တွင် တံဆိပ်ရိုက်ပေးကာ ၄င်းမိတ္တူ (၂)စောင်နှင့် ပုံစံ(ဃ)မူရင်းကို က.ည.နသို့ ပြန်လည်အပ်နှံမှသာကားအသစ်ပြန်လည်ထုတ်ယူခွင့်(စလစ်) ရရှိမည်ဖြစ်သည်။

 

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် (န) နှင့် (ပ) အက္ခရာများကိုစတင်အပ်နှံခဲ့ပြီး၂၀၁၃ ဖေဖေါ်ဝါရီလ ၂၈ရက် နေ့မှ စ၍ (လ)အက္ခရာများပြန်လည်အပ်နှံနိုင်ပြီဖြစ်သည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။