Monday, March 4, 2013

နေ့ခင်းဘက် လျှပ်စစ်မီးပေးဝေချိန် လျှော့ချမည်

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့က မတ်လမှစတင်၍အများပြည်သူသို့ လျှပ်စစ်ပေးဝေချိန်   လျှော့၍ ပေးဝေတော့မည်ဖြစ်ကြောင်းလျှပ်စစ်ဓာတ်အားဝန်ကြီးဌာနမှ သိရသည်။

 

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီ  ရောက်လာပြီ ဖြစ်သည့် အတွက်ရေအားလျှပ်စစ်ပေးဝေရေး လုပ်ငန်းများတွင် လျှပ်စစ်ထုတ်လုပ်မှုမရှိတော့သည့်အတွက် လျှပ်စစ်ထုတ်လုပ်မှု မဂ္ဂါဝပ် လျော့ကျသည့် အတွက်အများပြည်သူကို မီးပေးချိန် လျှော့ချထားရခြင်း ဖြစ်ကြောင်းအမည်မဖော်လိုသူ လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးက ပြောသည်။

 

 " မတ် ၁ ရက်ကစပြီး ကလေးတွေ ညဘက် စာဖတ်ချိန် မီးအပြည့်အ၀ ပေးနိုင်အောင်ကြိုးစားနေတယ် ဆယ်တန်း စာမေးပွဲတွေကလည်း ဖြေဖို့နီးလာပြီ  အဲဒီအတွက်နေ့ခင်းဘက်တွေမှာ အချိန်ပိုင်းလေးတော့ မီးပျက်နိုင်တယ်"  ဟုလျှပ်စစ်ဓာတ်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

စက်မှုဇုန်များကို လျှပ်စစ် ဓါတ်အားလိုအပ်ချက်အတွက် မနက် ၇ နာရီမှ နေ့လည်၁၂နာရီ၊ ၁၂နာရီမှ ညနေ ၅ နာရီ နှစ်ပိုင်းခွဲ၍ အလှည့်ကျ မီးပေးစနစ်ဖြင့်ပေးထားကြောင်း သိရသည်။  ညနေ ၅နာရီမှ မနက် ၇နာရီအထိ ကိုမူမီးဖြတ်ထားကြောင်းကိုလည်း သိရသည်။

 

"မီးက နေ့ခင်းဘက် နှစ်နာရီလောက် ဆိုရင် နေ့တိုင်းလိုလိုကို ပြတ်နေတာအကြာကြီးတော့ မဟုတ်ဘူး နာရီဝက် တစ်နာရီလောက်တော့ ကြာတယ်"ဟုစမ်းချောင်းမြိနယ်တွင် နေသူတစ်ဦးက ပြောသည်။

 

 မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ၇၀ ရာခိုင်နှုန်းသည်ရေအားလျှပ်စစ်မှ ရရှိပြီး၊ ၂၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှလည်းကောင်း၊ ၉ရာခိုင်နှုန်းမှာ ကျောက်မီးသွေးမှလည်းကောင်း ရရှိကြောင်းအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏမဂ္ဂါဝပ်မှာ ၂၁၂၈ မဂ္ဂါဝပ် ဖြစ်သော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံးအတွက်ထုတ်လွှတ်ပေးနေသော လျှပ်စစ်မဂ္ဂါဝပ်မှာ အနည်းဆုံး ၇၈၅ မဂ္ဂါဝပ်၊ အများဆုံး၁၅၇၂ ဒသမ ၈ မဂ္ဂါဝပ်၊ ပျှမ်းမျှ ၁၁၇၈ ဒသမ ၁ မဂ္ဂါဝပ်သာရှိကြောင်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။