Thursday, May 9, 2013

အသက်အာမခံအတွက် သုတေသနပြုလုပ်ရန်လိုဟု ဘဏ္ဍာအခွန်ဒု-၀န်ကြီးဆို

မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံနှင့်အသက်အာမခံဆိုင်ရာကဏ္ဍတိုးတက်လာရန်အတွက်

နှစ်ပတ်သင်တန်းသင်ကြားပေးရခြင်းဖြစ်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက သင်တန်းဖွင့်ပွဲ၌ ပြောကြားခဲ့သည်။   

 

မြန်မာနိုင်ငံတွင် လူဦးရေသန်း(၆၀)ခန့်ရှိရာ အသက်အာမခံပေါ်လစီသည် (၃)သိန်းခန့်သာရှိကြောင်း၊ ထိုသို့တွင်ကျယ်မှုနည်းရခြင်းမှာ အသက်အာမခံအရည်အသွေးဆွဲဆောင်မှုနည်း၍သော်လည်း ကောင်း၊

 

ဖြန့်ချီမှုလျော့နည်း၍သော်လည်းကောင်းဖြစ်နိုင်သည့်အတွက် ပြည်သူတို့စိတ်ဝင်စားမှုရှိမည့် အသက်အာမခံ ပေါ်လစီမျိုးတီထွင်၍ ထိရောက်သော ဖြန့်ချီမှုပြုလုပ်နိုင်ရန် သုတေသနပြုလုပ်ရမည် ဖြစ်ကြောင်း၊ statistical Modelling မျိုးလုပ်ကြည့်ရန် လိုအပ်ကြောင်းကိုလည်း ဒေါက်တာမောင်မောင် သိမ်းက ဆိုသည်။

 

"ကျန်းမာရေးအာမခံဟာ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်နေသော အာမခံအမျိုး အစား ဖြစ်ပါတယ်။ သို့သော် နည်းပညာလိုအပ်ချက်က မြင့်မားနေတယ်။ အဲ့ဒီကနေ လာသင် လိုက်တဲ့ အတွက် တစ်ချိန်ထဲ၊ တစ်ပြိုင်တည်းမှာ ပညာဗဟုသုတတွေ တိုးပွားလာမယ်။ ဒါက အာမခံပညာ တိုးပွားရေးအတွက် ဆောင်ရွက်တဲ့နည်းလမ်းပါ  " ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။   

 

ကျန်းမာရေးအာမခံနှင့်အသက်အာမခံဆိုင်ရာသင်တန်းဖွင့်ပွဲအား ၂၀၁၃ခုနှစ်၊ မေလ(၆)ရက် နံနက်(၉)နာရီတွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ ကျင်းပခဲ့သည်။

 

မြန်မာ့အာမခံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့်

ဟောင်ကောင်အခြေစိုက် AIAအသက်အာမခံကုမ္ပဏီတို့ ပူးပေါင်း၍ အဆိုပါသင်တန်းအား ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။     

 

"ကျွန်တော်တို့နိုင်ငံရဲ့အာမခံလုပ်ငန်းမှာဆိုရင် အသက်အာမခံထားရှိမှုဟာ အရမ်းနည်းနေတယ်။ အာမခံနဲ့ ပတ်သတ်ပြီးတော့ အသိပညာပေးတာတွေကို ကျောင်းတွေမှာလည်း ဟောပြောမှု ရှိရမယ်။ဒီသင်တန်းကနေ အာမခံနဲ့ပတ်သတ်တဲ့ နည်းပညာတွေ၊ ဗဟုသုတတွေရရှိဖို့ ရည်ရွယ်ပါတယ် " ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိမ်းက ပြောသည်။        

 

အဆိုပါသင်တန်းအား မေလ(၆)ရက်နေ့မှ စတင်သင်ကြားပေးကာ ရက်သတ္တ(၂)ပတ် သင်တန်း ဖြစ်ကြောင်း၊  ၄င်းသင်တန်းသည် မြန်မာ့မြေပေါ်တွင် နိုင်ငံခြားအာမခံကုမ္ပဏီတစ်ခုမှ ဖွင့်လှစ်သော သင်တန်းများအနက် အချိန်အကြာဆုံးဖွင့်လှစ်သော သင်တန်းဖြစ်ကြောင်း၊ ယင်းသင်တန်းသို့ မြန်မာ့အာမခံဝန်ထမ်းများသာမက ပုဂ္ဂလိက အာမခံဝန်ထမ်းများ(၄၀)ဦး တက်ရောက်ခွင့်ပေးခဲ့သည်။

 

မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းတည်ရှိခဲ့သည်မှာ နှစ်ပေါင်း(၆၃)နှစ်ရှိပြီဖြစ်ကြောင်း ယခင် မြန်မာ့ အာမခံလုပ်ငန်းတစ်ခုတည်းသာရှိခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီ(၁၂)ခုအား လုပ်ပိုင်ခွင့် ပေးခဲ့ရာမှ လက်ရှိအချိန်တွင် မြန်မာအာမခံလုပ်ငန်းအပါအ၀င် အာမခံကုမ္ပဏီပေါင်း(၁၃)ခုရှိပြီး အဆိုပါအာမခံကုမ္ပဏီများ၌ မီးအာမခံထားရှိမှု အများဆုံးဖြစ်သည်ဟု သိရသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။