Thursday, May 9, 2013

ထမင်းစားချိန်(၂၅)မိနစ်သာရ၍ စက်ရုံလုပ်သား တစ်ထောင်ကျော် ဆန္ဒထုတ်ဖော်

မရမ်းကုန်းမြို့နယ်ရှိ NIVINA (SS Burma) ကိုရီးယားအထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ထောင်ကျော်က  တောင်းဆိုချက်(၃)ရပ်ရရှိရေး မေလ(၈)ရက်နေ့ နံနက်ပိုင်းက စက်ရုံဝန်းအတွင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

 "အားလုံးတိုင်ပင်ပြီးတော့ အချက်(၃)ချက်ထဲ တောင်းဆိုတာပါ။ အဲဒီသုံးချက်ကလည်း ဘာမှ များများစားကြီး မဟုတ်ပါဘူး"ဟု အဆိုပါ စက်ရုံမှအလုပ်သမားတစ်ဦးက ပြောသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို မရမ်းမြို့နယ်၊ မင်းကျောင်းလမ်း၊ ခြံအမှတ်(၁)ရှိ NIVINA (SS Burma) ကိုရီးယား အထည်ချုပ်စက်ရုံရှိ အလုပ်သမားမှ အချိန်ပိုကြေး၊ ထမင်းစားချိန် တိုးမြှင့်ပေးရန်နှင့် အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 

 "အလုပ်ချိန်က မနက်ကနေ ညနေအထိ ၁၂ နာရီ လုပ်ရတယ်။ အဲဒါတောင်မကဘူး ည ၉နာရီလောက်အထိ လုပ်ရတယ်။ အချိန်ပိုးကြေးကလည်း နည်းတယ်။ အဲဒါတွေ ညှိနှိုင်းပေးဖို့ တောင်းဆိုတာပါ"ဟု စက်ရုံအလုပ် သမားတစ်ဦးက ပြောသည်။

 

စက်ရုံမှ လုပ်ငန်းချိန် နံနက် ၇နာရီ ၄၅ မိနစ်မှ ည ၄ နာရီ ၄၅ မိနစ် သတ်မှတ်ထားသော်လည်း အလုပ်ချိန် ည ၇နာရီ ၄၅ မိနစ်အထိဆင်းရသည့်နေ့များ ရှိလာသဖြင့် လုပ်ငန်းဆင်းချိန် တိကျစွာ သတ်မှတ်ပေးရန်၊ ထမင်း စားချိန် ၂၅ မိနစ်မှ  မိနစ်၄၀အထိ တိုးမြှင့်ပေးရန်နှင့် အချိန်ပိုကြေး (O.T ကြေး)ကို တစ်နာရီ ကျပ် ၃၀၀ သို့ တိုးမြှင့်ပေးရန် အလုပ်သမားများက တောင်းဆိုခြင်းသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အထည်ချုပ်စက်ရုံသို့ စုံစမ်းမေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေကြားခဲ့ခြင်း မရှိ ပေ။

 

လက်ရှိအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အလုပ်သမားဆက်ဆံရေးရုံးမှ တာဝန်ရှိ သူများမှ လာရောက်ဖြေရှင်းပေးလျက်ရှိသည်ဟု သိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။