Thursday, May 9, 2013

တပ်မတော် အရာရှိနှင့် အဖွဲ့က စိုက်ခင်းစောင့်သူနှင့် ကိုယ်ဝန်သည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုခြင်းနှင့် ပတ်သက်၍ တပ်မတော် အရာရှိတစ်ဦးက ငြင်းဆို


halekuu-may9

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် တောင်ကုန်းမြိုင်ကျေးရွာရှိ အငြင်းပွားရာနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

တပ်ပိုင်မြေနှင့် ဘိုးဘွားပိုင်မြေဟု အငြင်းပွားမှု ဖြစ်ပွားနေသော နေရာတွင် တပ်မတော် အရာရှိတစ်ဦးနှင့် အဖွဲ့က မေ ၃ ရက်က စိုက်ခင်းစောင့်နေထိုင်သူနှင့် ကိုယ်ဝန်သည် ဇနီးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု ပြုလုပ်ခဲ့သည်ဟု ကျူးလွန်ခံရသူ ကိုစောဒါးလယ်ထံမှ သိရသည်။

အငြင်းပွားမှု ဖြစ်နေသော နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် တောင်ကုန်းမြိုင်ကျေးရွာ ဖြစ်သည်။

လာရောက်နေထိုင်သူများမှာ ၁၉၉၉ ခုနှစ် တပ်မတော် အစိုးရလက်ထက်တွင် ထိုနေရာမှ ဖယ်ရှားခံရသူများ ဖြစ်ကြပြီး လက်ရှိအချိန်တွင် တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် သိမ်းယူထားသော လယ်မြေများအနက် အမှန်တကယ် မလိုအပ်သော လယ်မြေများကို မူလမြေပိုင်ရှင်များကို ပြန်လည်လုပ်ကိုင်ခွင့် ပေးမည်ဟု သတင်းဂျာနယ်များနှင့် ရေဒီယို ထုတ်ပြန်ချက်များတွင် သိရှိရ၍ လာရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ဒီနေရာလေးက ကျွန်နော်တို့ ဘိုးဘွားတွေနေတဲ့ နေရာလေးပါ။ အစ်မတွေနဲ့အတူ ပြန်လာနေတာ တစ်နှစ်လောက်တော့ ရှိပါတယ်။ ရော်ဘာပင်ပေါက်လေးတွေ စိုက်ထားတာ နှစ်ဧကလောက် ရှိတယ်။ မေ ၃ ရက်နေ့က လက်နက်ခဲရင်းတပ်က ဗိုလ်ကြီးဝေဖြိုးအောင်၊ လှည်းကူးမြို့နယ်ရှိ အရာခံ အကြပ်ကြီး သင်တန်းကျောင်းအုပ်ဖြစ်သူ ဗိုလ်ကြီးသန့်ဇင်တို့နှင့်အတူ စစ်သားခုနှစ်ယောက်လောက်က စစ်ကားတစ်စီးနှင့်လာပြီး အိမ်ထဲမှာရှိနေတဲ့ ကျွန်တော်နဲ့ မိန်းမကို ထွက်ခဲ့လို့ပြောတယ်။ ကျွန်တော်ထွက်ကြည့်တော့ အိမ်ကို စစ်သားတွေက သေနတ်တွေကိုင်ပြီး ၀ိုင်းထားတာ တွေ့တယ်။ ဗိုလ်ကြီးက ငါ့ဆီခေါ်ခဲ့ဆိုတော့ စစ်သားတွေက ကျွန်တော်ကို ခေါ်သွားတယ်။ မေးမြန်းပြီးတော့ ရိုက်နှက်ပါတယ်။ မင်းတို့ ဘယ်သူနေခိုင်းလို့လဲ အခုချက်ချင်း ထွက်သွား။ ကျွန်တော်က မိန်းမလစေ့နေလို့ပါ။ ဆိုင်ကယ်ကလည်း မကောင်းတော့ မိန်းမက ဆိုင်ကယ်စီးလို့ မရဘူး၊ လူကြီးတွေလဲ မရှိတော့ မသွားပါရစေနဲ့ဦးလို့ ပြန်ပြောတော့ သေနတ်ဒင်နဲ့ထုဖို့ လုပ်တယ်။ အဲ့ဒီအချိန် မိန်းမက မလုပ်ပါနဲ့ဆိုပြီး တားတော့ ကျွန်တော်ကို မထိလိုက်ဘူး။ မိန်းမဖြစ်သူကိုလည်း ဆောင့်တွန်းတာတွေ ပြုလုပ်ပါတယ်။ ဆက်နေရင် သေလိမ့်မယ်ဆိုတာသိလို့ ဆိုင်ကယ်မကောင်းဘဲနဲ့ မိန်းမကိုခေါ်ပြီး ထွက်သွားလိုက်ပါတယ်" ဟု ကိုစောဒါးလယ်က ပြောသည်။

ကိုယ်ဝန်သည်ဖြစ်သူ မအေးအေးငြိမ်းမှာ ဗိုက်အတွင်း နာကျင်မှုများကြောင့် လှည်းကူးဆေးရုံသို့ တင်ထားရကြောင်း သိရသည်။ ကိုယ်ထိလက်ရောက် ကျူးလွန်သူ ဗိုလ်ကြီးဝေဖြိုးအောင်နှင့် အဖွဲ့အား လာမည့်အပတ်တွင် လှည်းကူးရဲစခန်းတွင် အမှုဖွင့် တိုင်ကြားသွားမည်ဟု ကိုစောဒါးလယ်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကိုယ်ထိလက်ရောက်မှုနှင့် ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ အရာခံ အကြပ်ကြီးသင်တန်းကျောင်းအုပ်ဖြစ်သူ ဗိုလ်ကြီးသန့်ဇင်ကို မေးမြန်းခဲ့ရာ "ကျွန်တော့်အနေနဲ့ အဲ့ဒီနေရာကို ဗိုလ်ကြီးဝေဖြိုးအောင်ဆိုသူနဲ့ မသွားဖူးပါဘူး။ ဗိုလ်ကြီးဝေဖြိုးအောင်နဲ့ အရမ်းရင်းနှီးမှု မရှိဘူး။ တပ်ချင်းကလည်း မတူပါဘူး။ မည်သူ့ကိုမှ ကျွန်တော် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး မရှိပါဘူး။ ဒီကိစ္စမျိုးက အခုမှ သိရတာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။