Monday, January 28, 2013

နော်ဝေးအစိုးရမှ ကချင်စစ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်ရန် မြန်မာတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

လက်ရှိကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေးနှင့် စစ်ပြေးဒုက္ခသည်များ၏ အသက်အိုးအိမ်လုံခြုံရေး အတွက်  နော်ဝေးအစိုးရကကြားဝင်ဆောင်ရွက်ပေးရန် နော်ဝေးနိုင်ငံရောက် ကချင်တိုင်းရင်းသားများက ပြီးခဲ့သည့် စနေနေ့က   နော်ဝေပါလီမန်နှင့်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

 

"ကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံအစိုးရကို ကချင်ပြည်နယ်မှာလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်စစ်ဆင်နေတာတို့ ၊ လေယာဉ်သုံးဗုံးကြဲတာတို့ကိုကန့်ကွက်ရှုတ်ချတဲ့အပြင် နော်ဝေးအစိုးရကိုလည်း (၁၉)လကြာဖြစ်ပွားနေတဲ့ ကချင်စစ်ပွဲကို အမြန်ဆုံးရပ်စဲဖို့ မြန်မာစစ်အစိုးရနဲ့ ချည်းကပ် ဆောင်ရွက်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်"ဟု ဆန္ဒပြပွဲအား ဦးဆောင်ခဲ့သည့် ကချင်တိုင်းရင်းသား"ကိုတုလွန်(မ်)"ကပြောသည်။

 

ရေခဲအောက်အမှတ်အနှုတ် ၁၀လောက် ရှိပြီး အေးခဲလှသည့် နံနက်၁၀နာရီမှ၁၂နာရီအချိန်တွင် ဆန္ဒထုတ်ဖော်သူများမှာ ပါလီမန်အဆောက်အဦးရှေ့၌ ဆန္ဒပြပြီးနောက်၊ အဆိုပါ ကချင်၊ချင်း၊ ရခိုင်၊မွန်နှင့် ကရင်တိုင်းသားများပါဝင်သည့် ဆန္ဒပြသူ လူဦးရေ(၇၀)၀န်းကျင်မှာ နိုင်ငံခြားရေး ၀န်ကြီးရုံး၌ ဆက်လက်ဆန္ဒပြခဲ့ကြသည်။

 

"ဒီနေ့က ရုံးပိတ်ရက်ဖြစ်တာမို့ပါလီမန်ရုံး ပိတ်ထားတယ်။ ဒါကြောင့်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာဆက်ပြီးဆန္ဒပြတော့ တာဝန်ရှိသူ တစ်ယောက်က ကျွန်တော်တို့ရဲ့တောင်းဆိုချက်တွေနဲ့မေတ္တာရပ်ခံထားတဲ့စာချွှန်လွှာကို ပေးခဲ့တယ်" ကိုတုလွန်(မ်)က ထပ်ပြောသည်။

 

နော်ဝေးနိုင်ငံခြားရေးရုံးတာဝန်ရှိသူက ယခုစာချွှန်လွှာအား ရုံးဖွင့်ရက် တနင်္လာနေ့တွင် ၀န်ကြီးချုပ်လက်ထဲသို့အပ်နှံမှာဖြစ်ကြောင်း၊  အစိုးရ၏တုန့်ပြန်ချက်ကိုလည်း ပြန်လည်ဆက်သွယ်ပေးပို့မည်ဟုတုန့်ပြန်ခဲ့သည်။

 

မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံခဲ့သည့်နော်ဝေးနိုင်ငံသည်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း အလွန်ကာလမှစတင်၍   မြန်မာစစ်အစိုးရနှင့်အနီးကပ်ဆက်ဆံလာခဲ့သလို လူသားချင်းစာနာမှု အကူအညီများလည်းပေးခဲ့သည်။

 

ထို့အပြင်မြန်မာအစိုးရနှင့်ထိုင်းမြန်မာနယ်စပ်အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်များစေ့စပ်ဆွေးနွေး ရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ရပ်များတွင် နော်ဝေးနိုင်ငံကကြားဝင်ဆောင်ရွက်ခဲ့သည်အပြင် ယခုအခါ တိုင်းရင်းသားဒုက္ခသည်များနေရာချထားရေးနှင့်ပြန်လည် ထူထောင်ရေးအစီအမံများအတွက် မြန်မာအစိုးရအပါအ၀င်ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့်ဆက်လက်ဆောင်ရွက်လျှက်ရှိသည်။

 

"နော်ဝေးနိုင်ငံက မြန်မာပြည်ထဲမှာရင်းနှီးမြုပ်နှံတာတွေ စီးပွားရေးလုပ်နေတာတွေရှိသလို လောလောဆယ်ကချင်ပြည်နယ် စစ်ပွဲရပ်ဆဲရေးနဲ့ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့လည်း အားထုတ်သင့် ပါတယ်"ဟုကချင်ဆန္ဒပြခေါင်းဆောင်ကိုတုလွန် ကပြောဆိုခဲ့သည်။

 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။