Monday, January 28, 2013

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ တရုတ် လက်နက်ရောင်းဟု ဆို

တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်တွင်ရှိပြီး အကြီးဆုံးလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ ခေတ်မီလက်နက်များ တိတ်တဆိတ် ရောင်းချနေသည်ဟု လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများ၏ ပြောကြားချက်ကို ကိုးကားပြီး VOA ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်အနေဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိစဉ် KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးရှိ ခိုင်ယာဘွမ် (ခိုင်ယာဘွမ်တောင်ကုန်း) KIA တပ်စခန်းကို တပ်မတော်မှ ထိုးစစ်ဆင်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သဖြင့် ခိုင်ယာဘွမ်စခန်းကို ဇန်န၀ါရီလ ၂၆ ရက်က လက်လွှတ်ခဲ့ရကြောင်း KIO က အတည်ပြု ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တရုတ်အစိုးရက ပြောကြားနေစဉ်အတွင်း တရုတ်အစိုးရသည် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်များ ရောင်းချနေသည်ဟု လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

လုံခြုံရေးဆိုင်ရာ လေ့လာရေး Jane's Intelligence Review ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်သော အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၏ စစ်တပ်အင်အားကို  ဖြည့်တင်းရန် ခေတ်မီလက်နက်များကို ပြီးခဲ့သည့်နှစ်က ရောင်းချခဲ့ကြောင်း၊ ရောင်းချခဲ့သည့် လက်နက်များထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ပါဝင်ကြောင်း၊ တင့်ကားဖျက် လက်နက်များ 'Tank Destroyers' များဟု အစီရင်ခံစာက ဆိုသည့် သံချပ်ကာကား ၁၂ စီးလည်း ပါဝင်ကြောင်း သိရသည်။

Jane's Intelligence Review ၏ အစီရင်ခံစာနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူနှင့် အဆိုပါ အစီရင်ခံစာကို ရေးသားသူ အန်တိုနီဒေးဗစ်က အဆိုပါရောင်းချမှုသည် တရုတ်နိုင်ငံမှ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သို့ လက်နက်ရောင်းချမှု သိသိသာသာ တိုးမြင့်လာသည်ကို ညွှန်ပြနေကြောင်း ပြောကြားခဲ့သည်ဟု DVB ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

Jane's Intelligence Review အရ သံချပ်ကာကားများ လွှဲပြောင်းပေးမှုသည် ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရပြီး လွှဲပြောင်းပေးခဲ့သည့် အချိန်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် ဆက်စပ်ဖွယ်ရှိနိုင်ကြောင်း သိရသည်။

"မြန်မာအစိုးရနှင့် အမေရိကန်တို့အကြား စစ်ရေး၊ သံတမန်ရေး တိုးတက်ကောင်းမွန်လာမှုအပေါ် တရုတ်အနေနှင့် သိသိသာသာ စိုးရိမ်နေပါတယ်။ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကို စစ်လက်နက်ဖြည့်တင်းပေးခြင်းအားဖြင့် သူတို့အနေနဲ့ စိတ်ရှည်သည်းခံမှုပိုင်းမှာ အကန့်အသတ် ရှိနေတယ်ဆိုတာကို မြန်မာ့တပ်မတော်ကို သတင်းစကား သိသိသာသာ ပေးပို့နေတာပဲ ဖြစ်ပါတယ်" ဟု အန်တိုနီဒေးဗစ်က DVB သို့ ပြောကြားခဲ့သည်။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တွင် တပ်ဖွဲ့ဝင်အင်အား သုံးသောင်းခန့်ရှိသည်ဟု ခန့်မှန်းရပြီး အကြီးဆုံးလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် Lieutenant General Qi Jianguo သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇန်န၀ါရီလ ၁၉ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံရာတွင် တရုတ်တပ်မတော်သည် နှစ်နိုင်ငံကြား၊ နှစ်နိုင်ငံ တပ်မတော်ကြား ဆက်ဆံရေး တိုးတက်ခိုင်မာရေးကို အလေးအနက်ထားပါကြောင်း၊ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း၊ မြန်မာအစိုးရအနေနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး လိုအပ်ချက်များနှင့် တည်ငြိမ်ရေးအတွက် ထိရောက်သည့် စီမံချက်များကို ဆောင်ရွက်မည်ဟု တရုတ်နိုင်ငံအနေနှင့် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။