Monday, January 28, 2013

မီးရထားခရီးစဉ်များတွင် လုယက်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့် ဖြစ်စဉ် အများဆုံး ဖြစ်ပွားနေသဖြင့် စုံစမ်းဖော်ထုတ် ဖမ်းဆီးရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး အရေးယူနေ

မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေသော မီးရထားခရီးစဉ်များတွင် လုယက်မှု၊ ခိုးမှုများနှင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်သည့် ဖြစ်စဉ် အများဆုံး ဖြစ်ပွားနေသဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် စုံစမ်းဖော်ထုတ် ဖမ်းဆီးရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရထားရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး လှမိုးက Eleven Media Group သို့ ပြောသည်။ 

ဘိန်းနှင့် ဆက်စပ်မူးယစ်ဆေးဝါးများ အများဆုံး သယ်ဆောင်နေသည့် မီးရထား ခရီးစဉ်များမှာ မန္တလေးမှ ကချင်ပြည်နယ် ခရီးစဉ်၊ လာရှိုးမှ မန္တလေး ခရီးစဉ်တို့ဖြစ်ပြီး ဆေးခြောက်နှင့်ဆိုင်ရာ မူးယစ်ဆေးဝါးများ အများဆုံး သယ်ဆောင်နေသည့် ခရီးစဉ်များမှာ မန္တလေး-ပဲခူး-ရန်ကုန် ခရီးစဉ်များဖြစ်ကြောင်း မီးရထား ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အလားတူ လုယက်မှုဖြစ်စဉ်နှင့် ခိုးမှုများကို မန္တလေး-ရန်ကုန် ခရီးစဉ်၊ ဖြူး-ပြွန်တန်ဆာ-ပဲခူး ခရီးစဉ်နှင့် မြို့ပတ်ရထား ခရီးစဉ်များတွင် အများဆုံးဖြစ်ပွားလျက် ရှိသည်။

ရထားရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှမိုးက "ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ ရထားပေါ်တွေမှာ အများဆုံး ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေက လုယက်တဲ့ ဖြစ်စဉ်တွေ၊ ခိုးတဲ့ဖြစ်စဉ်တွေ၊ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဖို့အတွက် မူးယစ်ဖမ်းဆီးရေး အထူးအဖွဲ့နဲ့ ဒုစရိုက်အမျိုးမျိုး ဖမ်းဆီးရေး အထူးအဖွဲ့ စတဲ့ စုံစမ်းဖမ်းဆီးရေး အထူးအဖွဲ့တွေကို နယ်မြေအလိုက် ဖွဲ့စည်းပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ ရထားပေါ်မှာ ဒုစရိုက်မှု ဖြစ်ပွားခဲ့ပြီဆိုရင် ရထားရဲတပ်ဖွဲ့ကို အမြန်အကြောင်းကြားရမယ်။ ရထားပေါ်မှာဖြစ်တဲ့ ဖြစ်စဉ်တွေမှာ ကျူးလွန်သူတွေကို အချိန်တိုအတွင်း အမြန်ဆုံး ဖမ်းမိနိုင်ဖို့ အရေးကြီးပါတယ်" ဟု သုံးသပ်သည်။

ရထားခရီးစဉ်တွင် လုယက်မှုနှင့် ခိုးမှုဖြစ်စဉ်အများစုမှာ ခရီးသည် အိပ်ပျော်နေစဉ် ပိုက်ဆံအိတ်နှင့် လက်ဝတ်ရတနာများ ခိုးယူခြင်း၊ ခရီးဆောင်အိတ်များကို လုယက်ထွက်ပြေးခြင်းများ ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။