Monday, January 28, 2013

ရခိုင်တိုင်းရင်းသားအားလုံး ပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်ရန် ရခိုင်အဖွဲ့အစည်း အသီးသီး ကြိုးပမ်းသွားမည်

ရခိုင်တိုင်းရင်းသားအား လုံးပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်တိုင်းရင်းသား လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရခိုင်တိုင်းရင်းသား လူမျိုးများအကြား ညီညွတ်ရေး တည်ဆောက်ရေးနှင့် ပြည်နယ်တွင်းရှိ အဖွဲ့အစည်း အသီးသီး ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပါတီအနေနဲ့ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းက ရခိုင်ပြည်သူတွေ ခံစားနေရတဲ့ လက်ငင်းကြုံတွေ့နေရတဲ့ ပြဿနာတွေဖြစ်တဲ့ လယ်ယာမြေပြဿနာ၊ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုများနဲ့ အတူယှဉ်တွဲ နေထိုင်နေရခြင်း ကိစ္စတွေ အစရှိတာတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။ ရခိုင်တိုင်းရင်းသား အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ကျင်းပနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးပမ်းသွားပါမယ်" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီအတွင်းရေးမှူး ဦးလှစောက ပြောကြားခဲ့သည်။

"တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း အသီးသီးကလည်း သက်ဆိုင်ရာ တိုင်းရင်းသားညီလာခံတွေ ကျင်းပနိုင်အောင် ကြိုးပမ်းနေကြပါတယ်။ ရခိုင်တိုင်းရင်းသား အားလုံးပါဝင်သော ညီလာခံတစ်ရပ် ကျင်းပနိုင်မယ်ဆိုရင် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ပင်လုံကဲ့သို့သော ညီလာခံကို အထောက်အကူ အများကြီးပြုမယ်လို့ မျှော်လင့်တယ်၊ ၂၀၁၅ မတိုင်မီမှာသာ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် အများကြီး အကျိုးဖြစ်လာမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်ပြောပါသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း "ရခိုင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ လက်နက်ကိုင် အင်အားစုတွေအားလုံး တွေ့ဆုံပြီး ပြည်နယ်ရဲ့ အမျိုးသားရေး မူဝါဒတစ်ရပ် ချမှတ်သွားနိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ ရခိုင်တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ကျင်းပနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ရခိုင်အဖွဲ့အစည်း အသီးသီးနဲ့ ပူးပေါင်းပြီး ကြိုးပမ်းလုပ်ဆောင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်၌ ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ သုံးခုရှိပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား အင်အားစုပါတီ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ဖြစ်ကာ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုမှာ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရခိုင်တပ်မတော် (AA) တို့ဖြစ်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းများစွာ ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။