Saturday, April 13, 2013

မိတ္ထီလာမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားရာ ရွှေဆိုင်မှ ရွှေဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားတို့ကို တစ်ဦးလျှင် ထောင်ဒဏ် ၁၄ နှစ်စီ ကျခံစေရန် ဧပြီလ ၁၁ ရက်နေ့က အမိန့် ချမှတ်

မိတ္ထီလာမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားရာ ရွှေဆိုင်မှ ရွှေဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားတို့ကို တစ်ဦးလျှင် ထောင်ဒဏ် ၁၄ နှစ်စီ ကျခံစေရန် မိတ္ထီလာမြို့နယ် တရားရုံးမှ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ မြို့မဈေးအရှေ့ပြင်ရပ် နယူးဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားတို့အား မတ်လ ၅ ရက်နေ့ က မိတ္ထီလာမြို့ တရားရုံး၌ စတင် တရားစွဲဆိုခဲ့ကာ ဧပြီ ၁၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းတွင် အရှေ့ပြင်ဈေးရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်သို့ မိတ္ထီလာမြို့နယ် ပြွန်ကောက်ကျေးရွာ သို့ ခေတ္ထ အလည် ရောက်ရှိနေသူ ဦးခင်မောင်ဝင်း ဇနီး မအေးနိုင်နှင့် မညိုသန်းတို့ သုံးဦးက ရွှေဆံကုတ် တစ်ခုအားသွားရောက် ရောင်းချခဲ့ကြောင်း ၊ ရွေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦး နှင့်ဇနိးတို့က ရွှေဆံကုတ်အား ငွေကျပ် ၁၀၅၀ဝ၀ ပေးမည် ဟု သဘောတူခဲ့ပြီး ရွှေဆံကုတ်အား ဈေးအတွင်း ယူဆောင် မှတ်ကျောက်တင်ခဲ့ရာမှ ရွှေဆံကုတ်မှာ ပဲ့နေသဖြင့် ရွှေဆိုင်ပိုင်ရှင်က ကျပ် ၅၀ဝ၀ဝ သာပေးတော့မည် ဟု ပြန်ပြင် ပြောဆိုရာမှ စကားများခဲ့ပါသည်။ ထို့နောက် ရွှေဆိုင်ရှင်နှင့် ဇနိး၊ အလုပ်သမားတို့က ရွှေဆံကုတ်ရောင်းချသူ ဦးခင်မောင်ဝင်းအား ကိုယ်ထိလက်ရောက် ရိုက်နှက်သဖြင့် ရောင်းချသူ ဥိးခင်မောင်ဝင်းမှာ ပေါက်ပြဲဒဏ်ရာ၊ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ကနဦး ရဲစခန်းတိုင်ချက်များအရ သိရှိရသည်။

အဆိုပါ အမှုကို မိတ္ထီလာမြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှုအမှတ် ၁၁၇၈/၂၀၁၃ ဖြင့် လက်ခံပြီး မိတ္ထီလာမြို့နယ် တရားသူကြီး ဒေါ်ခင်စန်းဝင်းမှ ကြားနာ စစ်ဆေးခဲ့ကာ ဧပြီ ၁၁ ရက်နေ့တွင် ထွန်းထွန်းဦး (ခ)အာရှစ် အသက် (၂၃)နှစ်အား ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ် ခုနှစ်နှစ်၊ ပုဒ်မ ၃၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊ ပုဒ်မ ၃၂၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် (၁၄)နှစ် သီးခြား စီကျခံစေရန် ဟုလည်းကောင်း၊ ညီညီ(ခ)မင်းအောင် အသက် (၂၁)နှစ် အား ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ် ခုနှစ်နှစ်၊ ပုဒ်မ ၃၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ၊ ပုဒ်မ ၃၂၄ အရအလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် စုစုပေါင်း ထောင်ဒဏ် (၁၄)နှစ် သိးခြားစိကျခံစေရန် ဟု လည်းကောင်း၊ မမြင့်မြင့်အေး အသက် ၂၄ နှစ် အား ပုဒ်မ ၃၈၂ အရ အလုပ်နှင့် ထောင်ဒဏ်ခုနှစ်နှစ်၊ပုဒ်မ ၃၂၅/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊ ပုဒ်မ ၃၂၄/၁၁၄ အရအလုပ်နှင့်ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းအလုပ်နှင့် ထောင်ဒဏ် (၁၄)နှစ်သီးခြားစီကျခံရန် လည်းကောင်း အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ အမှုတွဲတွင် ပါဝင်ခဲ့သော ဆိုင်လုပ်သား တစ်ဦးဖြစ်သူ ကိုကျော်စိန်မြင့်မှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် တရားခံပြေးအဖြစ် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါ ရွှေဆိုင်အရောင်းအဝယ်မှ စတင်သော ပဠိပက္ခကြောင့် မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက်နေ့ နေ့ခင်းပိုင်းမှ စတင်ပြီး သုံးရက်ကြာ ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူ ၄၂ ဦးသေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၁၅၉၄ လုံး မီးလောင် ပျက်ဆီးခဲ့ရကာ ရမည်းသင်း၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ်များနှင့် ဇီးကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ္တလင်း စသည့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် အကြမ်းဖက်သူများ၏ လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။