Saturday, April 13, 2013

သင်္ကြန်ရက် နီးလာ၍ ရွှေဈေးကွက် ခပ်ပါးပါးသာရှိနေ

ရန်ကုန် (မဇ္ဈိမ)။   ။ သင်္ကြန်ရက် နီးကပ်လာပြီ ဖြစ်၍ အခေါက်ရွှေ ဈေးကွက် ခပ်ပါးပါးသာ အရောင်းအဝယ် ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း မှတဆင့် သိရသည်။

"ရွှေကုန်သည်အချို့ ဧပြီ ၈ ရက်၊ ၉ ရက်ကစပြီး ပြည်ပ ခရီးသွားကြသူတွေ များတယ်။ ရှိတဲ့သူတွေလောက် ကပဲ အနည်းအကျဉ်း ရောင်းကြ၊ ဝယ်ကြသဘောရှိကြတယ်" ဟု ရွှေကုန်သည် ဦးအေး က ပြောသည်။

ဧပြီလ ၈ ရက်နေ့ ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၅၇၈ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၅၇၀
ဒေါ်လာဖြင့် ရှိခဲ့သည်။ ထိုနေ့ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၄၁,၈၀၀ ကျပ်ဖြင့်
ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၇၃၇,၈၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ ဧပြီလ ၉ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၅၇၃ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၅၈၅ ဒေါ်လာဖြင့် ပိတ်ခဲ့သည်။ ထိုနေ့ ပြည်တွင်း အခေါက်ရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၃၈,၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၇၄၁,၅၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

"ဧပြီ ၈ ရက်ကနေ ၁၁ ရက်အတွင်း ရွှေဈေး ကျသင့်သလောက် မကျခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် ငွေဈေးက ထိန်းထားတဲ့ အနေအထား ရှိတယ်။ ဒီရက်ထဲမှာ ပြည်တွင်းက လူတွေ ပြည်ပကို ခရီးသွားကြတာ များတယ်။ လူတယောက်ကို အနည်းဆုံး ဒေါ်လာ ၁,၀၀၀ ဖိုး၊ ၂,၀၀၀ ဖိုးစီ ဝယ်ကြတယ်။ ဒါကြောင့် ငွေဈေးက ထိန်းထားသလို ဖြစ်ပြီး အခေါက်ရွှေဈေးက ကျသင့်သလောက် မကျဘူး" ဟု ရွှေကုန်သည် ဦးစံမြင့် က သုံးသပ်သည်။

ဧပြီလ ၁၀ ရက်နေ့ ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၅၈၆ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၅၈၀
ဒေါ်လာဖြင့် ရှိခဲ့သည်။ ထိုနေ့ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၄၁,၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၇၄၀,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။

ဧပြီလ ၁၁ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၅၅၅ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၅၅၅-၁,၅၅၆ ဒေါ်လာဖြင့် ရှိနေသည်။ ထိုနေ့ ပြည်တွင်း အခေါက်ရွှေဈေးမှာ ကျပ် ၇၃၇,၀၀၀ ဖြင့်
ဈေးဖွင့်ခဲ့ပြီး ကျပ် ၇၃၈,၅၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။