Sunday, August 25, 2013

မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့အား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်


W-25-8

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းအား သြဂုတ် ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်ခြင်းကို သြဂုတ် ၂၄ ရက် နံနက် ၁၁ နာရီ အချိန်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သော အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပုံများကို မကျေနပ်သဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူ၊ ဗီဒီယို အခြေခံအဖွဲ့အချို့ ဗီဒီယိုခွေ အငှားလုပ်ငန်း လုပ်ကိုင်နေသူများ အပါအ၀င် လူဦးရေ ၁၀၀ ၀န်းကျင်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

ဆန္ဒထုတ်ဖော်သူများက "အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့အိတ်ထဲထည့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဗီဒီယို အခြေခံဖွဲ့(ဗဟို) ဥက္ကဋ္ဌ အလိုမရှိ"၊ "ပြောတော့ NGO လုပ်တော့ အာဏာရှင် အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး အလိုမရှိ"၊ "အလုပ်မလုပ် တရားမဲ့ ချုပ်ချယ်တဲ့ ဗီဒီယို (ဗဟို) အလိုမရှိ"၊ "ကိုယ့်အခွေကိုယ်ရောင်း လာဘ်စားတဲ့ ဗီဒီယို (ဗဟို)" အလိုမရှိ" အစရှိသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး "မြန်မာ့ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ အလိုမရှိ"၊ "ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)နှင့် အဖွဲ့ထွက်ပေး" စာတမ်းပါ တီရှပ်များ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"အခုလို ဆန္ဒဖော်ထုတ်ရတာ ကျွန်တော်တို့ ထုတ်လုပ်သူတွေ အနေနဲ့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ ကိုလူမင်းရဲ့ အုပ်ချုပ်မှု၊ လမ်းညွှန်မှုအောက်မှာ လုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး။ NGO အဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ အသက် ၅၀ မပြည့်ဘဲ လုပ်ခွင့်မရှိဘူးဆိုတာ လွှတ်တော်မှာလည်း သတ်မှတ်ထားတယ်။ ကျွန်တော်တို့က ဥက္ကဋ္ဌကို ရင့်ကျက်ပြည့်ဝတဲ့ အတွေ့အကြုံရှိတဲ့သူ ဖြစ်စေချင်တယ်။ အဲဒီလို အတွေ့အကြုံရှိတဲ့သူမျိုး လိုအပ်တယ်။ ကိုလူမင်းက သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် အတ္တရှိနိုင်တယ်။ ကျွန်တော်နဲ့ ကိုလူမင်းနဲ့ ရန်သူလည်း မဟုတ်ဘူး။ ထုတ်လုပ်သူတွေ အဆင်ပြေစေချင်လို့ ကိုလူမင်းဆင်းပေးပါ။ အခုဆိုရင် ဖြန့်ချိရေးပိုင်း တော်တော်လေး ဒုက္ခရောက်နေတယ်။ အခြား NGO တွေက အများကောင်းကျိုးရှိအောင် လုပ်ကြတာ။ အခု ရုပ်ရှင်အစည်းအရုံးကတော့ အာဏာလိုချင်လို့ လုပ်သလို ဖြစ်နေတယ်။ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်မှုကို လိုချင်တာ။ အာဏာရှင် ဆန်တာကို မလိုချင်ပါဘူး" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် မဟော်ဂနီ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ကိုဂျမန်းက ပြောကြားပါသည်။

"ဆန္ဒဖော်ထုတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကို လောကသားတွေ လက်မခံနိုင်ဘူး ဆိုတာကို နိုင်ငံတော် အကြီးအကဲတွေရော၊ သက်ဆိုင်ရာ အဖွဲ့တွေပါ သိစေချင်တာကြောင့်ပါ။ လိုအပ်ချက်ကတော့ ရှိနေတဲ့ အဖွဲ့တွေ ဆင်းပေးဖို့ပါပဲ။ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ကာလအတွင်းမှာ ကျွန်တော်တို့ လုပ်ငန်းတွေ ကျဆင်းသွားတယ်။ အဲဒီအတွက် အစည်းအရုံးရဲ့ လုပ်ရပ်က မအောင်မြင်ဘူးလို့ ပြောလို့ရတယ်။ ပြန်လည်ရွေးချယ် တင်မြှောက်ဖို့လိုတယ်။ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဖြစ်သွားတဲ့ ဦးညီညီအောင် ကိစ္စဆိုလည်း ဆုံးဖြတ်ချက် မှားတယ်လို့ ပြောရမယ်" ဟု မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးမှ ဦးဝင်းကိုက ပြောကြားသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို အနုပညာလုပ်ငန်း သုံးလရပ်ဆိုင်းခဲ့သည့်အပြင် ထိုဖြစ်ရပ်မတိုင်မီ အချိန်ကလည်း ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းအချို့ကို ပိတ်ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မြောက်ဥက္ကလာပ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌကို အဖွဲ့အစည်း ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့သည့်အတွက် ထိုကိစ္စရပ်နှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ၎င်းကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌရာထူးမှ ရပ်ဆိုင်းမှု ပြုလုပ်ခဲ့ကြောင်း ဒေါ်စန်းစန်းမော်က ဆိုသည်။

သရုပ်ဆောင် လူမင်း၏ ဥက္ကဋ္ဌသက်တမ်း ကာလအတွင်း ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်အား ထုတ်ပယ်ခဲ့ခြင်း၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ရုပ်ရှင်ရိုက်ကူးခွင့် သုံးလပိတ်ပင်ခဲ့ခြင်းများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လာခြင်း ဖြစ်သည် . . . . .

"မြောက်ဥက္ကလာပ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို ထုတ်ပယ်ခဲ့တာက ကျွန်မတစ်ယောက်တည်းရဲ့ သဘောဆန္ဒ မဟုတ်ဘူး။ အဖွဲ့အစည်းရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက် မှားယွင်းမှုတွေကိုလည်း ကျွန်မမှာ တင်ပြစရာ ရှိပါတယ်။ အဝေးပြေး ကားကွင်းတွေကနေ နယ်တွေကို ခိုးကူးခွေတွေ ပျံ့နှံ့နေတဲ့အတွက် ဖမ်းဆီးဖို့ ကျွန်မမြောက်ဥက္ကလာ ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌကို အကြောင်းကြားပါတယ်။ ကိုယ်တိုင်လည်း သွားရောက်ခဲ့ပါတယ်။ သူက နောက်နေ့ဖမ်းပါမယ်ပြောပြီး တစ်ပတ်ဆယ်ရက် ကြာတဲ့အထိ မဖမ်းခဲ့ပါဘူး။ အဲဒါကြောင့် သြဂုတ် ၆ ရက်မှာ သူ့ကိုထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၇ ရက်မှာ မြောက်ဥက္ကလာ ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌနဲ့ အပေါင်းအပါ ၂၀ လောက် အစည်းအရုံးကို လာတိုင်တယ်။ ကျွန်မတို့က ဖြေရှင်းဖို့ စောင့်နေပါတယ်။ ကျွန်မကို လုံးဝမခေါ်ပါဘူး။ ၈ ရက်မှာ မြောက်ဥက္ကလာပ ဥက္ကဋ္ဌကို ပြန်ခန့်ဖို့ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူးက စာထုတ်ခဲ့ပါတယ်။ ကျွန်မကို မေးမြန်းခြင်းမရှိဘဲ ဦးလူမင်းက ၉ ရက်မှာ ကျွန်မကို ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း စာထုတ်ပြန်ပါတယ်။ ဘယ်လောက်အာဏာရှင်ဆန်တဲ့ လုပ်ရပ်ပါလဲ။ နောက်ရက်မှာ ကျွန်မကို အပုပ်ချထားတဲ့ ၁၂ မျက်နှာပါတဲ့စာကို အခြေခံအဖွဲ့ ဥက္ကဋ္ဌတွေကို ဝေတယ်။ ရုပ်ရှင်အစည်းအရုံး ၀က်ဘ်ဆိုက်မှာ တင်ထားပါတယ်။ ၁၂ ရက်မှာ ကျွန်မရုံးသွားတဲ့အခါ ရုံးမှာရှိတဲ့ ဖိုင်တွေအကုန်လုံးကို ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)ရုံးခန်းဘက်ကို ရွှေ့ထားတယ်။ ဒါက အာဏာရှင် မဆန်ဘူးလား။ ၁၂ ရက်ညမှာ ဗဟန်းမြို့နယ် ရဲစခန်းကို ၈/၂၀၂ နဲ့ အမှုဖွင့်ထားပါတယ်။ ၁၃ ရက်မှာ ဦးတိုက်လျှောက်ထားပါတယ်" ဟု ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ (ဥက္ကဋ္ဌ) ဟောင်း ဒေါ်စန်းစန်းမော်က ပြောကြားသည်။

X-25-8

သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ဆန္ဒဖော်ထုတ် နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

"တကယ်ဆို အနုပညာ သမားတွေရော ပြည်သူတွေရော အများကရော ပြောနေတာတွေက ဒီမိုကရေစီ အရေးပါ။ အများပြည်သူရဲ့ ဆန္ဒဆိုတာကို ပြောနေတဲ့ အချိန်ပါ။ လူ့အခွင့်အရေးဆိုတာ လေးစားရမယ် ဆိုတာကို ကျွန်တော်တို့ အနုပညာ သမားတွေက လမ်းပြနေရမယ်။ စာတွေရေးသားတယ်။ ရုပ်ရှင်တွေ ရိုက်ကြတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ အနုပညာ သမားတွေကို ဦးဆောင်နေတဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ ဗီဒီယို (ဗဟို)က ဒီလိုမျိုး လုပ်တယ်။ မွန်ပြည်နယ်မှာ လာရောက်ပြုလုပ်သွားတဲ့ ဗီဒီယိုအခြေခံအဖွဲ့ ပြန်လည်ဖွဲ့စည်းတာကလည်း လုံးဝတရားမျှတခြင်း မရှိပါဘူး။ မဲပေးခွင့်မရတဲ့ မြို့နယ်တွေလည်း အများကြီးပါပဲ" ဟု မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ကိုဇော်ဝင်းကလည်း ပြောဆိုခဲ့သည်။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင်အဖွဲ့များ နုတ်ထွက်ပေးရန် ရုပ်ရှင်ထုတ်လုပ်သူများ အပါအ၀င် လောကသားများက ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ် တင်ပြခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ဒါရိုက်တာဝိုင်းက "သူတို့က ရာထူးကထုတ်ပယ် ခံရတဲ့အတွက် ဆန္ဒဖော်ထုတ်တာပါ။ သူတို့က တော်တော်ကို စည်းကမ်းပျက်တဲ့အတွက် အစည်းအရုံးကလည်း ထုတ်ပယ်ခဲ့တာလို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

"အခု ဆန္ဒဖော်ထုတ်တဲ့ အထဲမှာ ထုတ်လုပ်သူတွေ ပါတာပေါ့လေ။ အနုပညာသည်တွေကို ကိုယ်စားပြုတာတော့ မဟုတ်ပါဘူး။ လူနည်းစုလေး ဆိုတာကို သိစေချင်ပါတယ်" ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုလောကသား အချို့၏ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်ချက်တစ်ရပ်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။          

"ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့တာကို ပြန်လည်သုံးသပ်ပြီးတော့ ရုပ်ရှင်အစည်းအရုံး ကိုယ်စားပြုအနေနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်သွားမှာပါ။ ဒီလို ဆန္ဒဖော်ထုတ်မှုကို အပြစ်မမြင်ပါဘူး။ နိုင်ငံသား တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့် တစ်ခုအနေနဲ့ ဆန္ဒဖော်ထုတ် ကြတာပါ။ ဒီအတွက် အပြစ်မမြင်ပါဘူး။ ရုပ်ရှင်အစည်းအရုံးရဲ့ တကယ်လိုအပ်ချက်တွေကို ထောက်ပြနိုင်ရင် ကျေးဇူးတင်ရမှာပါ" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းက ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့သစ်ကို ၂၀၁၂ ခုနှစ်မတ်လတွင် ရွေးကောက်ပြီးနောက် ဧပြီလအတွင်း လုပ်ငန်းတာဝန်များ စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မူလက ဥက္ကဋ္ဌအဖြစ် သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းက ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဥက္ကဋ္ဌဦးဇင်ဝိုင်း၏ ကျန်းမာရေး အခြေအနေအရ ဒုတိယဥက္ကဋ္ဌ (၁)ဖြစ်သည့် သရုပ်ဆောင်လူမင်းက လွှဲပြောင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ သရုပ်ဆောင် လူမင်း၏ ဥက္ကဋ္ဌသက်တမ်း ကာလအတွင်း ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်အား ထုတ်ပယ်ခဲ့ခြင်း၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကို ရုပ်ရှင်ရိုက်ကူးခွင့် သုံးလပိတ်ပင်ခဲ့ခြင်းများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။