Sunday, August 25, 2013

သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်ရေ နှစ်ရက်မှ သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်

သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် င၀န်မြစ်တို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် နှစ်ရက်မှ သုံးရက်အတွင်း ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သြဂုတ် ၂၀ ရက်မှ စတင်ကာ ဘားအံမြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော သံလွင်မြစ်ရေသည် သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် ၈၃၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာကို နှစ်ပေခွဲကျော်အထိ ကျော်လွန်နေသည်ဟု သိရသည်။

သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် အထက်၌ နောက် ၄၈ နာရီ (သြဂုတ် ၂၆ ရက်) အတွင်း ဆက်လက်တည်ရှိ နိုင်သည်ဟု ထုတ်ပြန်ထားသည်။

စိုးရိမ်ရေမှတ် ကျော်လွန်မှုအတွက် မြစ်ရေကြီးမှု သတိပေးချက် မကြာခဏ ထုတ်ပြန်ခဲ့ရသော င၀န်မြစ်သည်လည်း ငါးသိုင်းချောင်းမြို့၌ သြဂုတ် ၂၄ ရက်တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ၁၁၈၆ စင်တီမီတာ၌ တည်ရှိနေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် အထက်တွင်ပင် ရှိနေမည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

ယခုနှစ် မိုးရာသီ၌ သံလွင်မြစ်နှင့် င၀န်မြစ်တို့သည် စိုးရိမ်ရေမှတ် ကျော်လွန်မှုကို ထပ်မံကြုံတွေ့ရခြင်းဖြစ်ပြီး စစ်တောင်းမြစ်မှာမူ ပထမအကြိမ် ရေကြီးမှု ဖြစ်ပေါ်ခြင်းဖြစ်သည်။

စစ်တောင်းမြစ်တွင် သြဂုတ် ၂၄ ရက်၌ မဒေါက်မြို့တွင် ၁၁၂၇ စင်တီမီတာသို့ ရောက်ရှိနေကာ မဒေါက်မြို့၏ စိုးရိမ်ရေမှတ်မှာ ၁၀၇၀ စင်တီမီတာ ဖြစ်သည်။ အဆိုပါ မြစ်ရေသည် နောက် ၄၈ နာရီ(သြဂုတ် ၂၆ ရက်)အတွင်း စိုးရိမ်ရေမှတ် အထက်၌ပင် ဆက်လက်တည်ရှိနိုင်သည်ဟု သိရသည်။

အဆိုပါမြစ်များ၌ စိုးရိမ်ရေမှတ် ကျော်လွန်နေသည့်နည်းတူ ရွှေကျင်မြစ်တွင်လည်း ရွှေကျင်မြို့၌ နောက် ၂၄ နာရီ(သြဂုတ် ၂၅ ရက်)အတွင်း စိုးရိမ်ရေမှတ် ကျော်လွန်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။