Saturday, April 27, 2013

လက်ပံတောင်းဇာတ်လမ်း ပြန်စပြီလား၊ မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း ထွန်ယက် စိုက်ပျိုးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွား၍ လူတစ်ဦး သေနတ်ဒဏ်ရာရကာ လူအများအပြား ဒဏ်ရာရရှိခဲ့

4.26.3

ဧပြီလ ၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် အတွင်းမှ ရဲဝန်ထမ်းများ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်း ဧရိယာအတွင်း ထွန်ယက်စိုက်ပျိုးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ကာ လူတစ်ဦး သေနတ်ဒဏ်ရာရကာ လူအများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၃ ရက်နေ့ကစ၍ လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း ထွန်ယက်စိုက်ပျိုးရာမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် တောင်သူများ ပြဿနာဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။


ယာထဲကို နွားချေးလာချရင်းရုန်း ရင်းဆန်ခတ် ဖြစ်တယ်ကြားလို့ ကျွန်တော့်မိဘတွေ အတွက် စိတ်ပူပြီး လိုက်သွားရာကနေ ကျွန်တော့်ကို အရိုက်ခံလိုက်ရတာ...


''ဧပြီ ၂၃ ရက် နံနက် ၇ နာရီဝန်းကျင် ကတည်းက ဆည်တဲရွာနဲ့ မိုးကြိုးပြင်ရွာတွေက တောင်သူတွေ ထွန်ယက်စိုက်ပျိုးတယ်ကြားလို့ ဆားလင်းကြီးမြို့နယ် မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော် ဦးစီးပြီးတော့ လာရောက် တားမြစ်ခဲ့တယ်။ ရွာသူရွာသားတွေက လျော်ကြေးယူ မထားတဲ့ ယာတွေဖြစ်လို့ ထွန်ယက်ခြင်း ဖြစ်ကြောင်း ပြောခဲ့ကြတယ်။ ယူထားတဲ့ လျော်ကြေးကလည်း သုံးနှစ်စာ သီးနှံလျော်ကြေးဖြစ်လို့ သုံးနှစ်စာ ပြည့်ပြီဖြစ်ကြောင်း ပြောခဲ့ကြတယ်။ ရွာသား ၇၀ လောက်က မိုးကြိုးပြင်ရွာမှာ ထွန်အရှင်း ၃၀၊ နွားလှည်း ၁၀ စီးလောက်နဲ့ ဧပြီ ၂၃ ရက်ကတည်းက ပြဿနာတွေ ကြားထဲကနေ ထွန်ယက်ခဲ့ကြတယ်။ ဆည်တဲရွာမှာလည်း အဲ့ဒီနေ့ကပဲ ရွာသား ၁၀၀ လောက် ထွန်အရှင်း ၁၅ ရှင်း၊ နွားလှည်း ငါးစီးတို့နဲ့ ထွန်ယက်ခဲ့ကြတယ်။ ဧပြီ ၂၄ ရက်ကလည်း ဒီလိုပဲ ထွန်ယက်ခဲ့ကြတယ်။ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်တားမြစ်တာတွေ၊ နွားနဖားကြိုးကိုဆွဲပြီး မထွန်ဖို့ တားမြစ်တာတွေလည်း ရှိခဲ့တယ်။ ဒီနေ့မနက် ၈ နာရီလောက်မှာ ယာထွန်ရင်းနဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုအောင်ဆန်းတို့ သုံးယောက် အဖမ်းခံရတယ် ကြားလို့ ရွာသူရွာသားတွေ လိုက်သွားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်'' ဟု မိုးကြိုးပြင်ရွာမှ တောင်သူတစ်ဦးက ပြောပြခဲ့သည်။

4.26.3

လက်ပံတောင်းတောင် စီမံကိန်းအတွင်း ဒဏ်ရာရရှိခဲ့သူ တစ်ဦးအား ဧပြီလ ၂၃ ရက်က တွေ့ရစဉ်

''မနက် ၈ နာရီလောက်မှာ ဆည်တဲရွာက ကိုခင်ငြိမ်း ပိုင်တဲ့ယာကို ထွန်ရင်း သုံးယောက် အဖမ်းခံရတယ်လို့ ရွာကိုဖုန်းဝင်လာလို့ အဖမ်းခံရတဲ့ သူတွေကို သွားထုတ်ဖို့ တောင်းဆိုဖို့ အခင်းဖြစ်တဲ့ ကိုခင်ငြိမ်းရဲ့ ယာဘက်ကို သွားခဲ့ကြတယ်။ ရဲကလည်း ထုတ်မပေးနိုင်ကြောင်း နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတယ်။ ရွာသူ၊ ရွာသား ၄၀၀ လောက်နဲ့ ရဲအင်အား ၁၀၀၀ ကျော်လောက်တော့ ရှိလောက်တယ်။ အခင်းဖြစ်နေရာက မြေနီတောင်နဲ့ကျောက်ကြီးတောင် ကြားမှာ ဖြစ်တာဖြစ်တယ်။ လိပ်ခွံတောင်ရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာပါ။ မနက် ၉ နာရီ ၀န်းကျင်မှာ တစ်ကြိမ် ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ် နှစ်ကြိမ်ဖြစ်တယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ရာကနေ ရိုက်လို့ ရွာသူရွာသားတွေ ရွာဘက်ကို ပြေးကြတယ်။ သေနတ်နဲ့လည်း ၁၀ ချက်အထက် ပစ်တယ်။ မပစ်ခင် မြင်တာကတော့ ရိုင်ဖယ် အရှည်ဆိုတာကိုတော့ သိတယ်။ ကျွန်တော်လည်း ရောပြေးရင်းနဲ့ ယာဘက်လက်မောင်းကို အပစ်ခံရတာ ကျည်ဆန်က တိုးလျို ပေါက်ထွက်သွားတယ်။ သေနတ်မှန်လို့ ဟန်ချက်ပျက်ပြီး လဲအကျမှာ ချိုင်းအောက်ကို တစ်ခါ ပစ်ခံရတယ်။ ကျွန်တော်ပြေးနေတဲ့ နေရာနဲ့ ခပ်လှမ်းလှမ်းက လုံခြုံရေးကားတွေ လှမ်းပစ်တယ်လို့ ထင်တာပဲ'' ဟု ဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော တုံရွာသစ်မှ အသက် ၄၂ နှစ်ရှိ ကိုတင်ဇော်က ပြောပြခဲ့သည်။

''နံပါတ်တုတ်နဲ့ အရိုက်ခံရတဲ့သူတွေ များတယ်၊ လူစုခွဲဖို့ ဟန်းစပီကာနဲ့ လိုက်အော် တယ်လို့တော့ ကြားတာပဲ၊ ကျွန်တော်ကတော့ မကြားမိဘူး၊ ကွန်ရက်ကလည်း ရိုက်ခံရတဲ့သူတွေ များတယ်၊ ထွန်ယက်ရာမှာ ခေါင်းဆောင် ပါဝင်တယ်လို့ နာမည်ထွက်သူတွေလဲ ရိုက်ခံရတယ်လို့ကြားတယ်။ ဒဏ်ရာရတဲ့ သူတွေကို ကနဦးမှာ ဖောင်းကတာ လူမှုကူညီရေး အသင်းက ဇီဝသုခယာဉ်နဲ့ မုံရွာဆေးရုံကို ၁၁ နာရီဝန်းကျင်မှာ ပို့နိုင်ခဲ့တယ်။ မုံရွာက နာရေးကူညီမှု အသင်းကားတွေ နောက်ပိုင်းမှာ ရောက်လာတာကို တွေ့ရတယ်။ မိုးကြိုးပြင်၊ ဆည်တဲနဲ့ တုံရွာက အရိုက်ခံရတဲ့ သူတွေများတယ်'' ဟု တုံရွာသားတစ်ဦးက ပြောသည်။

''ဒီနေ့မနက် ယာထဲကို နွားချေးလာချရင်းရုန်း ရင်းဆန်ခတ် ဖြစ်တယ်ကြားလို့ ကျွန်တော့်မိဘတွေ အတွက် စိတ်ပူပြီး လိုက်သွားရာကနေ ကျွန်တော့်ကို အရိုက်ခံလိုက်ရတာ။ ရွာသူ၊ ရွာသားတွေကတော့ ဒီဘက်ကို ပြေးလာခဲ့ဖို့ လှမ်းအော်ကြတယ်။ ကျွန်တော်ပြေးရင်း ညာဘက်ပေါင်ကို ရဲတပ်ဖွဲ့ဝင် သုံးယောက်လောက်က ၀ိုင်းရိုက်တာကို ခံလိုက်ရတယ်။ လောလောဆယ် ဆည်တဲရွာဟောင်းက နိုင်မင်းထွန်းရယ်၊ ကျွန်တော်ရယ်၊ တုံရွာက ကိုတင်ဇော်ရယ် သုံးယောက် မုံရွာဆေးရုံကို ကနဦး ရောက်လာကြတာပဲ'' ဟု ဆည်တဲရွာဟောင်းမှ အသက် ၂၁ နှစ်ရှိ ကိုဇော်မင်းကြည်က ပြောသည်။ မုံရွာ ပြည်သူ့ဆေးရုံသို့ တုံရွာသစ်မှ ကိုတင်ဇော် (လက်မောင်းသေနတ်ဒဏ်ရာ)၊ ဆည်တဲရွာဟောင်းမှ ကိုဇော်မင်းကြည် (ညာဘက်ပေါင် ရိုက်နှက်ဒဏ်ရာ)၊ ကိုနိုင်မင်းထွန်း(၂၁)နှစ် (ဦးခေါင်းနောက်စေ့ဒဏ်ရာ) တို့ဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။