Saturday, April 27, 2013

မော်တာထိန်းချုပ်နည်း အခမဲ့သင်တန်း အင်ဂျင်နီယာအသင်း ပို့ချမည်

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင်များအတွက် လုပ်ငန်းသုံး မော်တာ ထိန်းချုပ်နည်း ပညာရပ် (Industrial Motor Control Technology Course) အား ပညာဒါနသင်တန်းအနေဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း   မြန်နိုင်ငံအင်ဂျင်နီယာအသင်း မျိုးဆက်သစ် အင်ဂျင်နီယာကော်မတီက သိရှိရသည်။

 

"ရုံးလုပ်နေရင်း သင်တန်းတက်မယ့်သူတွေပါ အဆင်ပြေအောင် လုပ်ပေးထားတယ်။ ပညာဒါနပါ ဒါပေမယ့် လက်တွေ့လုပ်မယ့် နေရာတွေမှာတော့ သင်တန်းသားက ကျခံရမယ်၊ ဒါပေမယ့် အသင်းဝင်ဖြစ်ဖို့လည်း လိုတယ်၊ အသင်းဝင်ဖြစ်ရင် ဒီမှာ သင်တန်းတွေ၊ ဟောပြောပွဲတွေအကြောင်းကို တက်ရောက်နိုင်မယ်၊ သတင်းအချက်အလက်တွေ မျှဝေနိုင်မယ်"ဟု မျိုးဆက်သစ် အင်ဂျင်နီယာ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

 

မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီသည် ၂၀၁၂ ခုနှစ်တွင် Electrical Wiring & Installation သင်တန်းကို ပညာဒါန (၃)ကြိမ် ပြုလုပ်ပေးခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသား (၁၉၀)ဦး တက်ရောက်ခဲ့ကာ သင်တန်းအရည်အချင်းစစ်စာမေးပွဲအောင်မြင်သူ (၁၀၉)ဦးသာ သင်တန်းဆင်း လက်မှတ်ရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။

 

"ပညာဒါနတော့ သုံးကြိမ်လုပ်ပြီးပြီ ၆၀%နှုန်းလောက် အောင်မြင်ကြပါတယ်။ သင်တန်းချိန် ၇၅%နှုန်းမပြည့် ရင်ဖြေဆိုခွင့်မရှိပါဘူး။ သင်တန်းတက်ရုံနဲ့ သင်တန်းဆင်းလက်မှတ်မရပါဘူး။ အရည်အချင်း၊ သင်တန်းချိန် တွေကအစ သေချာစီစစ်ပြီးမှ သင်တန်းနဲ့ ထိုက်သင့်တဲ့ အရည်အချင်းရှိတဲ့သူတွေကိုပဲ သင်တန်းဆင်း လက်မှတ်ထုတ်ပေးတာပါ"ဟု မျိုးဆက်သစ် အင်ဂျင်နီယာ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

 

အဆိုပါသင်တန်းကို ၂၀၁၃ခုနှစ် ဇွန်လ (၁)ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေ့နှင့် တနင်္ဂနွေနေ့များတွင် နေ့လည် (၃)နာရီမှ ညနေ (၅)နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလ (၂)လကြာမြင့် မည် ဖြစ်ကြောင်း သိရှိရသည်။

 

" စာတွေ့ထက်လက်တွေ့ပိုင်းတွေကို ပိုပြီးလုပ်ပေးတော့ အဆင်ပြေပါတယ်။ အရင်သင်တန်း တွေတုန်းက စက်ရုံ လုပ်ငန်းခွင်တွေမှာ အတွေ့အကြုံရအောင်လို့ လုပ်ပေးထားတာတွေရှိပါတယ်"ဟု အဆိုပါ အဖွဲ့တွင် သင်တန်းတက်ရောက်ဖူးသူတစ်ဦးက ၄င်းအတွေ့အကြုံကို ပြောသည်။

 

သင်တန်းဆရာအဖြစ် Essential Electrical Engineering Training Center မှ ဦးကျော်သူရထွန်းက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများကို မေလ (၁)ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီ ဖုန်းနံပါတ် ဝ၁-၅၁၉၆၇၃ (၇၄၊ ၇၅၊ ၇၆)လိုင်းခွဲ(၁ဝ၄) သို့ ဆက်သွယ်စုံစမ်းနိုင် ကြောင်းကိုလည်း သိရှိရသည်။

 

မျိုးဆက်သစ်အင်ဂျင်နီယာအဖွဲ့သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းလက်အောက်ရှိ လုပ်ငန်းအဖွဲ့ခွဲ တစ်ခုဖြစ်ပြီး ၂၀၀၃ ခုနှစ် မေလတွင်းစတင်ဖွဲ့စည်းကာ (၃၅-နှစ်)အောက်လူငယ် အင်ဂျင်နီယာများအတွက် ဗဟုသုတများ ၊ နည်းပညာများ ၊ လုပ်ငန်းအတွေ့အကြုံ နှင့် လိုအပ်ချက်များကို ဖြည့်စွက်ပေးနေသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။

 

http://www.myitmakhamediagroup.com/administratorpanel/image/26-04-13-3%20(2).JPG

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။