Saturday, April 27, 2013

ကားတိမ်းမှောက်သော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမားဝန်ကြီးဌာနက ကူညီထောက်ပံ့

ချင်းမိုင်(မဇ္စျိမ)။      ။ ထိုင်းနိုင်ငံ သို့ဝင်ရောက်စဉ် ကားတိမ်းမှောက်မှုတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို
မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးဌာနမှ လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေးခဲ့သည်ဟု မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် ပြောသည်။

သူက "ဒီနေ့တော့ ဘတ် ၇၆၀၀၀ ထောက်ပံ့ခဲ့တယ်။ ထောက်ပံ့နေတာတော့ ကြာပါပြီ။ အစိုးရ သစ်တက်လာက တည်းက အစိုးရပေါ်လစီဘဲလေ။ ပြည်ပအလုပ် သမားကြီးကြပ်ရေး ကော်မတီ ပေါ်ပေါက်လာ ကတည်းက ဒါတွေကို ဘယ်လိုကူညီရမယ်ဆိုတာ သတ်မှတ် ထားပြီးတာ။ ခုလည်း ဆက်ကူညီနေတာဘဲ"ဟု ပြောသည်။

ဦးကျော်ကျော်လွင်က ပြည်ပရောက် အလုပ်သမားများအား မိမိနိုင်ငံသားများဟူ၍ ကူညီရန် တာဝန်ရှိသည်ဟု ခံယူကာ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ယခုလို ကူညီထောက်ပံ့မှုမှာ မြန်မာအစိုးရဘက်မှ အရေးပေါ် ထောက်ပံ့မှု သာဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမား များအတွက် နစ်နာကြေးများ ရရှိရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးကျော်ကျော်လွင်မှ မဇ္ဈိမကို ရှင်းပြသည်။

ယခုလ ၂၃ရက်နေ့ ညပိုင်းက မဲဆောက်မှ ဘန်ကောက်သို့ အထွက် တာခ့် မြို့နယ်အတွင်း ကားတိမ်းမှောက်ခဲ့ရာ လိုက်ပါလာသူ မြန်မာနိုင်ငံသား ၆၀ယောက်နှင့် ကလေး နှစ်ဦးတို့ အနက် သုံးဦးသေဆုံးခဲ့သည်။  

မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန ကိုယ်စား ပြည်ပအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ ကွင်းဆင်း၍
သေဆုံးသူ တဦးလျှင် ဘတ်ငွေ ၁၀,၀၀၀ ဆီပေးပြီး အခြား ဒဏ်ရာရမှုအပေါ် မူတည်၍ ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ ထိ ပေးခဲ့သည်။

ထို့ကြောင့် စုစုပေါင်း ပေးအပ် လှူဒါန်းသည့် ဘတ်ငွေ မှာ ၇၆,၀၀၀ ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ
ပြည်သား အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA)မှ တာဝန်ခံ ကိုမိုးကြိုးကပြောသည်။

နောက်နောင် ယခုကဲ့သို့ မြန်မာအစိုးရအနေဖြင့် တတ်နိုင်သမျှ တစုံတရာ အကူအညီပေးမည် ဆိုသည့်အကြောင်း သတင်းကောင်း ရရှိသဖြင့် ဝမ်းသာကြောင်း သူက ဆက်ပြောသည်။

ကိုမိုးကြိုးက  "မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံအစိုးရ ဝန်ကြီးဌာနတရပ်က လာပြီးတော့ စောင့်ရှောက်တယ် ဆိုတော့ ကံယံကံရှင် အလုပ်သမားတွေ အနေနဲ့ အားရဝမ်းသာရှိကြတယ်။ ဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာ လာကူညီတယ် ဆိုတော့ ကိုယ့်အစိုးရက သူတို့ကို ပစ်ပယ်မထားဘူးဆိုတဲ့ စိတ်ထားမျိုး ရသွားတာပေါ့" ဟု ပြောသည်။

မြန်မာပြည်သား အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA)  က ယနေ့ တာခ့်ဆေးရုံကြီးသို့ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် ကလေး တဦးတို့အား သွားရောက် ကြည့်ရှုခဲ့ရာ နှစ်ဦးမှာ ဒဏ်ရာပြင်းပြင်း ရရှိထားသည်ဟု ဆိုသည်။

၎င်းတို့သည် သင်္ကြန်ကာလပိတ်ရက်အတွင်း မြန်မာပြည်သို့ ပြန်သွားပြီး ဘန်ကောက်မြို့ရှိ မိမိတို့ လုပ်ငန်းခွင် သို့ ပြန်ဝင်ရန် ရောက်ရှိလာသူများ ဖြစ်ပြီး အများအားဖြင့် မွန်လူမျိုး အများဆုံး ပါဝင်သည်ဟု သိရသည်။

ကားမောင်းသူအား ထိုင်းလုပ်ထုံးလုပ်နည်းအတိုင်း အမှုဖွင့်တိုင်ကြားထားသည်ဟု ကိုမိုးကြိုးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။