Saturday, June 1, 2013

သရုပ်ဆောင် ရဲတိုက် တရားရုံးအာမခံဖြင့် ပြန်လည်လွတ်မြောက်လာ

ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်သည် ဘာသာ ၊ သာသနာ ညိုးနွမ်းစေသည့် ဥပဒေပုဒ်မ (၂၉၅)(က)ဖြင့် တရားစွဲခံထားရာမှ မေလ(၃၁)ရက်နေ့တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

 

မေလ (၂၈) ရက်နေ့တွင် သရုပ်ဆောင် ရဲတိုက်သည် စိန့်မေရီကာသီဒြယ် ခရစ်ယာန်ကက်သလစ် ဘုရားကျောင်းသို့ ပထမအကြိမ် ၀င်ရောက်ရာတွင် ဦးထုပ်ဆောင်း၍ ၀င်ခြင်း၊ ရုပ်တုအား နောက်ကျောပေး ၀တ်ပြုခြင်းတို့ကြောင့် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက တားမြစ်သည့်အခါ ရဲတိုက်မှ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

 

"၂၈ ရက်နေ့ နေ့လည် သုံးနာရီခွဲလောက်မှာ ရဲတိုက်ကို ထိန်းသိမ်းခဲ့တယ်၊ အခု တရားရုံးက အာမခံ ပေးလို့ လွှတ်ပေးလိုက်တာပါ" ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သရုပ်ဆောင် ရဲတိုက်ကို သက်သေအထောက်အထား စစ်ဆေးရန်အတွက် ဆက်လက်ထိန်းသိမ်းထားရန် ချုပ်မိန့် ရမန် တောင်းခံခဲ့ရာ ဗိုလ်တစ်ထောင် တရားရုံးမှ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ချုပ်မိန့် ရမန် ပေးခဲ့ခြင်း ဖြစ်သည်။

 

 "ရဲတိုက်က ဘုရားကျောင်းက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မညီညွတ်လို့ ၀င်ခွင့်မပြုခဲ့တာပါ၊ ဘယ်သူမဆို   နိုင်ငံခြားသား ပဲ ဖြစ်ဖြစ် နိုင်ငံသားပဲ ဖြစ်ဖြစ် ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံ တစ်ခုကို ၀င်မယ်ဆိုရင် အဲဒီ ဘာသာရေး အဆောက်အအုံက သတ်မှတ်ထားတဲ့ စည်းကမ်းကိုတော့ လိုက်နာရမှာပဲလေ" ဟု စိန့်မေရီကာသီဒြယ် ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သရုပ်ဆောင်ရဲတိုက်သည် မေလ (၂၈)ရက် နေ့မှ စတင်ကာ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး (၃၁)ရက်နေ့ နေ့လည် (၃း၀၀)နာရီကျော်တွင် ဗိုလ်တစ်ထောင်ရဲစခန်းမှ တရားရုံး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

" ဒီသတင်းတွေကို အွန်လိုင်းမှာလည်း ဖတ်ရတယ်၊ ဂျာနယ်တွေမှာလည်း ဖတ်ရတယ်၊ ဒီလိုမျိုးကတော့ မဖြစ်သင့်ဘူး၊ သရုပ်ဆောင် ဆိုတာမျိုးက Popular ဖြစ်တဲ့ လူတန်းစားထဲကဆိုတော့ သူ့ကို အတုယူနေတဲ့ သူတွေ ရှိမယ်၊ သူ့အတိုင်း လုပ်လိုက်နေတဲ့သူတွေ ရှိမယ်" ဟု ရန်ကုန်မြို့နေ မကျော့ကေခိုင်က ပြောသည်။

 

ဘုရားကျောင်းမှ သရုပ်ဆောင် ရဲတိုက်အား လူသိရှင်ကြား ပြန်လည် တောင်းပန်ပါက ကျေအေးပေးမည် ဆိုခြင်းကြောင့် ရဲတိုက်မှလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။