Saturday, June 1, 2013

အလုပ်သမား အခွင့်အရေး တောင်းဆိုသော တော်ဝင်စက်ရုံမှ အလုပ်သမား ၁၂ ဦး အာမခံမရ


5.31.8

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ကိုနေလင်းဦးနှင့် အလုပ်သမားများအား မေ ၂၈ ရက် ညနေ ၅ နာရီက ရွှေပြည်သာမြို့နယ် တရားရုံးမှ ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-ဥမ္မာအောင်)

အလုပ်သမား အခွင့်အရေး တောင်းဆိုရာမှ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တရားစွဲဆို ခံထားရသည့် တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ၁၂ ဦးအား မေ ၂၈ ရက်တွင် အမှုလေးမှုဖြင့် တစ်ပြိုင်နက်တည်း ရုံးထုတ်ခဲ့ပြီး အာမခံ လျှောက်ထားသော်လည်း မရရှိခဲ့ဘဲ အင်းစိန်အကျဉ်းထောင်တွင် ဆက်လက် ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ အလုပ်သမား ၁၂ ဦးကို ပုဒ်မ ၄၅၂ (ပိုင်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၃၂၃ (မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်စဉ် အားပေးကူညီမှု)တို့ဖြင့် တရားစွဲဆိုထားပြီး ပုဒ်မ ၄၅၂ မှာ အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

''စခန်းမှူး ဦးတင့်နိုင်က မင်းတို့အမှုက အစိုးရကို အပ်ထားတဲ့အမှု ဖြစ်တဲ့အတွက် အာမခံပေးလို့ မရဘူး။ အလုပ်ရှင်ဘက်က ကျွန်တော်တို့ကို အသေရိုက်ခဲ့တဲ့ သူတွေကျတော့ ဘာလို့အာမခံပေးလဲလို့ မေးတော့ သူတို့အမှုက အာမခံပေးလို့ရတယ်။ မင်းတို့အမှုက အစိုးရနဲ့ သက်ဆိုင်တယ်လို့ ပြောတယ်။ ထောင်ထဲမှာလည်း အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အလုပ်မလုပ်ရတာလဲ တစ်နှစ်ပြည့်တော့မယ်။ အဲ့ဒီအတွက် ကျွန်တော်တို့မှာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရားလွှတ်တော်ချုပ်ကို စာတင်ထားတာ အခုဆို ခြောက်လပြည့်ပါပြီ'' ဟု အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် တော်ဝင်သစ်အချောထည် စက်ရုံမှ ကိုနေလင်းဦးက ဆိုသည်။

စက်ရုံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ အလုပ်သမားများဘက်မှ အလုပ်ရှင်အား ပုဒ်မ ၂၉၄ ညစ်ညမ်းစွာ ဆဲဆိုမှု၊ ပုဒ်မ ၃၂၅ နာကျင်စေမှုတို့ဖြင့် တရားစွဲဆိုထားသော်လည်း ယင်းအမှုမှာ ယခုအချိန်အထိ ရုံးတင်စစ်ဆေးခြင်း မရှိသေးကြောင်း အလုပ်သမားများထံမှ သိရသည်။ ထို့ပြင် အမှုလေးမှုဖြင့် တရားစွဲဆို ခံထားရသည့် အဆိုပါ အလုပ်သမား ၁၂ ဦး အနက် ကိုနေလင်းဦး၊ ကိုဇင်မျိုးကိုကို၊ ကိုဘဘိုမင်း၊ မသီတာအောင်၊ မအိဇာဖြူဖြူနှင့် ကိုထက်ကိုကိုတို့ အပါအ၀င် Action Labour Right မှ ကိုကျော်မင်းတို့အား ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလို ပြုလုပ်ကာ မြို့နယ်လေးမြို့နယ် တရားစွဲဆိုထားသည်။

အဆိုပါအမှုအား အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ကိုအောင်သူရိန်ထွန်းက ''ပိုင်နက်ကျူးလွန်မှု အပါအ၀င် အမှုလေးမှုအတွက် ကျွန်တော် အာမခံလျှောက်တယ်။ မြန်မာနိုင်ငံ တရားရုံးများ ဥပဒေလက်စွဲအရ အာမခံလျှောက်ထားမှုကို နှုတ်နဲ့ လျှောက်ထားလို့ ရပါတယ်။ ဒါပေမဲ့ အခုလျှောက်တဲ့အခါ တရားရုံးက နှစ်ဖက်လျှောက်လဲချက်ကို ကြားနာမှာ ဖြစ်တဲ့အတွက် စာနဲ့ပြန်တင်ဖို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ ဒီအလုပ်သမားတွေ ထွက်ပြေးမယ်ဆိုရင် ရှေ့နေလိုင်စင် အသိမ်းခံပြီး ထောင်လည်းအကျခံမယ်လို့ လျှောက်ထားတာတောင် အာမခံမရခဲ့ဘူး'' ဟု ဆိုသည်။

ရွှေပြည်သာမြို့နယ်ရှိ တော်ဝင်မြန်မာ သစ်အချောထည် စက်ရုံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက လုပ်ငန်းခွင် အဆင်မပြေမှုများကြောင့် အလုပ်သမားများမှ အစာငတ်ခံ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ အဆိုပါ ပြဿနာအပေါ် ခုံသမာဓိကောင်စီ အနေဖြင့် အလုပ်သမားများအား အလုပ်ပြန်လည် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အလုပ်သမားများ လုပ်ငန်းခွင် ၀င်ရောက်ရန် သွားရောက်ရာမှ အလုပ်ရှင်မှ လက်မခံခြင်းကြောင့် အလုပ်ရှင် အလုပ်သမားကြား ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ နောက်ရက်များတွင် အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် တရားစွဲဆိုခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် မေ ၁၄ ရက်ည ၁၀ နာရီခွဲတွင် အလုပ်သမား ၁၂ ဦးအား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

တော်ဝင်မိသားစု ကုမ္ပဏီလီမိတက်သည် လက်ရှိတွင် တော်ဝင်စင်တာ ရှော့ပင်းမော၊ မုဒိတာ ဆောက်လုပ်ရေးလုပ်ငန်း၊ တော်ဝင်သစ်အချောထည်နှင့် ပရိဘောဂလုပ်ငန်း စသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။