Saturday, June 1, 2013

လှိုင်မြို့နယ်၊ ဦးဖိုးမှန်လမ်းရှိ စက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးနှင့် ပါရီမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီး ဦးဖိုးမှန်လမ်း၌ မေလ (၃၀)ရက်နေ့ ည (၉)နာရီ (၃၀) မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိ ရသည်။

"စက္ကူစက်ရုံမီးလောင်တာပါ။ မီးကဘေးတွေကို မကူးပါဘူး။ စက္ကူစက်ရုံဆိုတော့ အတွင်းထဲမှာ လှိုက်လောင် နေတာ။ မီးသတ်ကားအ၀င်ခက်တော့ နည်းနည်းကြာသွားတာပါ။"ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုသည် စက္ကူစက်ရုံမှ ၀ါယာရှော့ဖြစ်ပွားရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ဝင် များနှင့် ဒေသခံများက ပြောဆိုသည်။

မီးလောင်မှုကို ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်နှစ်သိန်းဖြစ်ကြောင်း လှိုင်မြို့နယ် တာဝန်ကျရဲဝန်ထမ်းတစ်ဦးထံက သိရှိရသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။