Saturday, June 1, 2013

ဒေသန္တရ အမိန့်ကို ရခိုင်ပြည်နယ် ၈ မြို့နယ်ရှိ NLD ထောက်ခံကြောင်း ထုတ်ပြန်

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်ရှိ ၈ မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မြို့နယ် အဖွဲ့ဝင်များက မောင်တောခရိုင်အတွက် လူဦးရေ မွေးဖွားနှုန်း ကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း သဘောထားကို မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ် ရှိသည့်အနက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ မြို့နယ်များရှိ မြို့နယ် NLD များက သဘောထား ထုတ်ပြန်ကြခြင်း ဖြစ်သည်။

"ပြည်နယ်အစိုးရက မောင်တောခရိုင်မှာ အိမ်ထောင် တစုကို သားသမီး ၂ ယောက်ပဲ ယူရမယ်။ တကြိမ်သာ လက်ထပ် ထိမ်းမြားရမယ်ဆိုတဲ့ ဒေသန္တရအမိန့် ထုတ်ပြန်တာကို မီဒီယာတွေက တဆင့် ကြားသိရတယ်။ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကောက်မရှင်ကလည်း အကြံပြုထားတာ ရှိတယ်။

ဒီအမိန့် ထုတ်ပြန်လိုက်တာဟာ ဒေသအခြေအနေနဲ့ သဟဇာတ ဖြစ်တဲ့အတွက် ကျနော်တို့ ၈ မြို့နယ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဆန္ဒအရ အလေးအနက် ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ရတာ ဖြစ်တယ်" ဟု စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေထွန်း က မြို့နယ်ရုံး၌ သတင်းထောက်များအား ယနေ့ ပြောကြားလိုက်သည်။

ထို့ပြင် အဆိုပါ ဒေသန္တရ အမိန့်မှာ" ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေးနှင့် အမျိုးသားလုံခြုံမှု အရလည်းကောင်း အလွန်လိုအပ်နေပါသောကြောင့် ကျွန်ုပ်တို့အနေဖြင့် အလေးအနက် ထောက်ခံပါသည်" ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယနေ့ထုတ်ပြန်ချက်မှာ NLD ဗဟိုနှင့် ပြည်နယ်၏ ညွှန်ကြားချက်အရ မဟုတ်ဘဲ ၎င်းတို့ဒေသဋ္ဌ နိုင်ငံရေး၊ စည်းရုံးရေး အခြေအနေအပေါ် မူတည်၍ မြို့နယ်အလိုက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် NLD ဥက္ကဌ ဦးကျော်အေး က မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ပြည်နယ် ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးညီပု ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ယခုထုတ်ပြန်ချက်အား ပြည်နယ်နှင့်ဗဟိုမှ မသိရှိကြောင်းနှင့် မိမိအနေဖြင့် မှတ်ချက်တစုံတရာ မပေ လိုကြောင်း တုန့်ပြန်ပြောဆိုသည်။

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် မိတ္တူပေးပို့ခြင်းတွင် NLD ဗဟို အပါအဝင် ပြည်နယ် အစိုးရအဖွဲ့နှင့် အခြား နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ ပါဝင်သည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မောင်တောခရိုင်အတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းမှာ ခွဲခြားဆက်ဆံမှု ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ကြောင်း မေလ ၂၇ ရက်နေ့က မီဒီယာများသို့ ပြောဆို ထားပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (HRW) ကလည်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ထို့ပြင် ဗဟိုအစိုးရ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ် ကလည်း အဆိုပါ ဒေသန္တရအမိန့်အား ပြန်လည်သုံးသပ်
ရန်ရှိကြောင်း ဗွီအိုအေ အမေရိကန် အသံသို့ ပြောဆိုထားသည်။

မောင်တောခရိုင်တွင် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ ပါဝင်ပြီး မူဆလင်အများစု နေထိုင်ရာ
ဒေသလည်း ဖြစ်သည်။

"ကုန်ခဲ့တဲ့ ရက်ပိုင်းကပဲ မောင်တောခရိုင်မှာ ဒီအမိန့်ကို ထပ်မံ ထုတ်ပြန်လိုက်တာပါ။ ဒါက အခုမှ ပြဋ္ဌာန်းတဲ့ အမိန့် မဟုတ်ဘူး။ အရင်ကတည်းက ရှိပြီးသား ဖြစ်တယ်။ စုံစမ်းရေး ကော်မရှင်ကလည်း မောင်တောခရိုင်မှာ တရားမဝင် ကလေးပေါက်ပွားနှုန်း အရမ်းများနေတာကို ထောက်ပြထားတာလည်း ရှိတယ်။ ဒီအမိန့်ကို အကောင်အထည်ဖော်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖောက်ရာ မရောက်ဘူး။ နိုင်ငံ တည်ငြိမ်အေးချမ်းရေး အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်တာ ဖြစ်တယ်။ တရုတ်နိုင်ငံမှာလည်း ကလေး နှစ်ယောက်ထက် ပိုမယူရ ဥပဒေကို တနိုင်ငံလုံးမှာ ပြဋ္ဌာန်းထားတာရှိတယ်။ ဘယ်သူမဆို မိမိတို့ နေထိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ ကို လိုက်နာကြရတာပဲလေ" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင် က မေလ ၂၂ ရက်နေ့က မဇ္ဈိမကို ပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။