Saturday, June 1, 2013

၁၇ (၁) ဦးဘရန်ရှောင်အမှု စီရင်ချက်ချပြီး တပတ်အတွင်း လွှတ်ပေးမည်ဟု ဦးအောင်မင်း ပြော

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု စွပ်စွဲ၍ ဖမ်းဆီးခံထားရသော စစ်ပြေးဒုက္ခသည် ဦးဘရန်ရှောင်အား တရားလွှတ်တော်၏ စီရင်ချက်ချပြီးနောက် တပတ်အတွင်း လွှတ်ပေးမည်ဟု ဝန်ကြီး ဦးအောင်မင်း က ယနေ့ ပြောဆိုခဲ့ကြောင်း ဂျန်မိုင်ကောင်း နှစ်ခြင်း အသင်းတော်မှတဆင့် သိရသည်။

ယနေ့ နံနက် ၉ နာရီကျော်တွင် ဝန်ကြီး ဦးအောင်မင်းနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားတို့က မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းသို့ လာရောက်စဉ် ဖမ်းဆီးခံထားရသော ဦးဘရန်ရှောင်အား စစ်မှန်သော နည်းလမ်းဖြင့် ပြန်လွှတ်ပေးရန် တင်ပြခဲ့သည့် အပေါ် ဝန်ကြီးက ပြန်လည်
ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ကျနော် တောင်းဆိုတာက စစ်မှန်တဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ တပတ်အတွင်း လွှတ်ပေးမယ်လို့ ကတိပေးသွားတယ်။ ဒါပေမယ့် တပတ်အတွင်း ဆိုတာက တရား လွှတ်တော်ရုံးက စီရင်ချက်ကို အရင်ချပြီးမှ
နောက်မှာမှ တပတ်အတွင်း လွှတ်ပေးမယ်လို့ ပြောတယ်" ဟု အသင်းတော်မှ ဆရာအောင်မြတ် က မဇ္စျိမကို ပြောသည်။

အသင်းတော်နှင့် တွေ့ဆုံစဉ် ဝန်ကြီးက KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခင်က KIO ကို မတရားအသင်းအဖြစ် သတ်မှတ်ထားကြောင်း အကယ်၍ ငြိမ်းချမ်းသွားလျှင် မတရားအသင်း ၁၇(၁) ဖြင့် ဖမ်းဆီး ထားသူများ အားလုံးကို ပြန်လည် လွတ်မြောက်သွားနိုင်မည်ဟု
ပြောဆိုခဲ့သည်ဟု သူက ပြန်ပြောပြသည်။

"နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံကို ပြောပါတယ်။ တရားလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံတော် အုပ်ချုပ်ရေး အပိုင်းက လုပ်ပိုင်ခွင့် သီးခြားစီ ရှိတယ်ဆိုတဲ့အကြောင်း ထည့်ပြောပြီးမှ တရားလွှတ်တော်ထဲမှာ အမှုရင်ဆိုင်နေတဲ့ လူတွေကို ဒီနိုင်ငံတော်က ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး။ အဲဒီကနေ စီရင်ချက်ချပြီးမှပဲ ဝင်စွက်ခွင့်ရှိ တယ်" ဟု ဆရာအောင်မြတ် က ပြောသည်။

ပထမ ဖြောင့်ချက်ရယူခဲ့သူ မြို့နယ် ဒု-တရားသူကြီး ဦးဇော်မင်းကို သက်သေ သို့မဟုတ် ရုံးခေါ်သက်သေ အဖြစ် စစ်ဆေးခွင့်ပြုရန် ဦးဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါးဘက်မှ လျှောက်ထားချက်ကို တတိယကြိမ်
မြောက်အဖြစ် ယမန်နေ့က ပြည်နယ် တရားလွှတ်တော်မှ ပယ်ချခဲ့သည်ဟု သိရသည်။ မြို့နယ် တရားရုံးနှင့် ခရိုင် တရားရုံးများမှလည်း ပယ်ချခဲ့ပြီး ဖြစ်သည်။

ယမန်နှစ် ဇွန်လ ၂၈ ရက်နေ့က ဒု မြို့နယ်တရားသူကြီး ဦးဇော်မင်းက ဖြောင့်ချက်ယူစဉ် ဦးဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးထားမှုကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ထိုနေ့မှာဘဲ စစ်ဆေးမှု ရုပ်သိမ်းလိုက်သည်။

သူ့ကို ယမန်နှစ် ၂၀၁၂ ခုနှစ် ဇွန်လက ဂျန်မိုင်ကောင်း စစ်ပြေးဒုက္ခသည်စခန်းမှ ဖောက်ခွဲမှုဖြင့် အမှတ် (၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်နှင့် အဖွဲ့က ဖမ်းဆီးခဲ့ပြီး စရဖ ထံလွှဲပြောင်းပေးခဲ့စဉ်
နှိပ်စက်ခံရသည်ဟု ကာယကံရှင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ၁၇ (၁) ဖြင့် ပြောင်းလဲ စွဲဆိုထားခြင်းသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။