Saturday, June 1, 2013

ပြည်ထဲရေး ၀န်ကြီးဌာနမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ရေးဆွဲနေ

ပြည်ထဲရေး ၀န်ကြီးဌာနမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အစည်းအဝေးသတင်း ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ (မူကြမ်း)ရေးဆွဲခြင်းနှင့် တရားမ၀င်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပြင်ဆင်ရေးဆွဲခြင်းနှင့် ပတ်သက်၍ မေ ၃၀ ရက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အကောက်ခွန် ဦးစီးဌာန၊ အာရှ-ပစိဖိတ် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများ ယင်းအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒေသအချို့တွင် အကြမ်းဖက်မှုများ၊ ဘာသာရေး၊ လူမျိုးရေးနှင့် ဆက်နွှယ်သည့် ပဋိပက္ခများ ဖြစ်ပွားပြီးနောက်တွင် ယခုကဲ့သို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (မူကြမ်း)ရေးဆွဲခြင်းနှင့် ပတ်သက်သည့် သတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

လူစုလူဝေးများဖြင့် အကြမ်းဖက်မှုများသည် ရခိုင်ပြည်နယ်မှ အစပြု၍ ဖြစ်ပွားခြဲ့ပီး မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ရှိ နတ္တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက် အစရှိသည့် မြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင်ပါ ဆက်လက်ဖြစ်ပွားခဲ့သည်။

လက်ရှိမေလ အတွင်းတွင်ပင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူစုလူဝေးများဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် အရေးတွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခြင်းအပေါ် ဝေဖန်မှုများ၊ အဓိက ရုဏ်းနှိမ်နင်းခြင်းနှင့် ပတ်သက်သည့် နည်းလမ်းများအပေါ် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

အဓိကရုဏ်းများ၊ လူစုလူဝေးဖြင့် အကြမ်းဖက်မှု ဖြေရှင်းခြင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အောက်ရှိ ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့ရှိ ရဲတပ်ရင်းများမှ အဓိက ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။