Tuesday, April 23, 2013

ကိုရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှုပုဒ်မ ၁၅၃(က)ဖြင့် ထပ်မံတရားစွဲဆိုပြီး သာကေတမြို့နယ် တရားရုံး၌ စစ်ဆေး

4.22.7

ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည့် ကိုရဲမင်းဦးအား ဧပြီ ၂၂ ရက်က တွေ့ရစဉ်

ရခိုင်လူငယ်အဖွဲ့မှ ကိုရဲမင်းဦးအား ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၅၃(က)ဖြင့် သာကေတမြို့နယ် တရားရုံး၌ ထပ်မံတရားစွဲဆိုပြီး ဧပြီလ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် သာကေတမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီးနောက် ဗဟန်းမြို့နယ် တရားရုံးတွင်လည်း ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(ခ) ဖြင့် ထပ်မံရုံးထုတ် စစ်ဆေးရန် ရုံးချိန်းရှိကြောင်း ကိုရဲမင်းဦး၏ အမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
''၈ ရက် ၁၂ လ ၂၀၁၂မှာ ကြေးသွန်းဘုရားနားမှာ အများပြည်သူကို လှုံ့ဆော်တယ်ဆိုတဲ့ အမှုနဲ့ စွဲချက်တင်ထားတာပါ။ သက်သေတွေ ကြည့်ရင်လည်း အရပ်သားတွေ တစ်ယောက်မှ မပါဘူး။ ရဲအရာရှိတွေ ရဲတပ်သားတွေ အစိုးရ၀န်ထမ်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ရာအိမ်မှူးတို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဆိုတော့၊ သူတို့စွဲတဲ့ ပုဒ်မအရဆိုရင် စည်းရုံးလှုံ့ဆော် ခံရတဲ့ အရပ်သားတွေ ပြည်သူတွေကို သက်သေပြပါဆိုတော့ အဲဒါကို တစ်ယောက်မှ သက်သေမပြနိုင်ဘူး'' ဟု ဦးကျော်ဟိုးက ပြောသည်။

ကိုရဲမင်းဦး၏ အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမည်မဖော်လိုသည့် သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက''သာကေတမြို့နယ်မှာ ဘာသာရေး အဆောက်အဦ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ကိုရဲမင်းဦးက လှုံဆော်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အချက်တွေ ရရှိထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာသာရေးအရ သွေးထိုးလှုံ့ဆော် မှု ပုဒ်မ ၁၅၃(က)နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ မေလ ၆ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ခေါ်ဆိုထားပါတယ်'' ဟု Eleven Media Group သို့ ဧပြီလ ၂၂ ရက်က ပြောကြားသည်။

4.22.7

ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည့် ကိုရဲမင်းဦးအား ဧပြီ ၂၂ ရက်က တွေ့ရစဉ်

ကိုရဲမင်းဦးအား ဧပြီ ၄ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ဗဟန်းတရားရုံး၌ လည်းကောင်း ပုဒ်မ ၅၀၅(ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၄ ရက်က အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကိုရဲမင်းဦးအား ရုံးထုတ်စစ်ဆေးစဉ်က ကိုရဲမင်းဦအား လာရောက်တွေ့ဆုံသည့် ၎င်း၏ ညီဖြစ်သူကိုရဲမင်းအောင်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်းတို့ အပါအ၀င် လေးဦးအား ၀တ္တရားနှောင့်ယှက်မှုဖြင့် သက်ဆိုင်ရာက အမှုဖွင့်ခဲ့ပြီး ဧပြီ ၇ ရက်က ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ၎င်းတို့အား ခေါ်ယူသတိပေးခဲ့ပြီး ကိုယ်တိုင်ခံဝန်ဖြင့် တရားရုံး၏ ဆင်ခေါ်မှုအား စောင့်ရမည်ဖြစ်ကြောင်း သိရသည်။

ကိုရဲမင်းဦးအား ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးခြင်း မဟုတ်ကြောင်း ဗဟန်းရဲစခန်း၏ တာဝန်ကျရဲတပ်ဖွဲ့ဝင် တစ်ဦးက Eleven Media Group သို့ ဧပြီ လ ၇ ရက်က ပြောကြားခဲ့သည်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဖြစ်မြောက်ရေး ကော်မတီဝင်လည်း ဖြစ်သူ ကိုရဲမင်းဦးအား မတ်လ ၂၅ ရက်ညပိုင်းက အမည်မသိ လူတစ်စုက ခေါ်ဆောင်သွားခြင်းဖြစ်ကာ ၎င်း၏မိသားစုဝင်များက ဧပြီ ၂၇ ရက်တွင် ဗဟန်းရဲစခန်းတွင် လူ ပျောက်တိုင်ကြားခဲ့ပြီး ဧပြီ ၁ ရက် နေ့တွင် ဗဟန်းရဲစခန်းမှ ကိုရဲမင်းဦးအား ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ကိုရဲမင်းဦး၏ မိသားစုဝင်များက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။