Tuesday, April 23, 2013

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပြီး ရွေးကောက်ပွဲအတွက်ဆွေးနွေးမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ၊ EUမှ  Roundtable ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ နှင့်   နိုင်ငံရေးပါတီအချို့ ဧပြီလ(၂၆)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံကာ ၂၀၁၅ ရွေးကောက်ပွဲအတွက် အချက်(၅)ချက်ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ အချက်(၅)ချက်မှာ မဲဆန္ဒရှင်များ မှတ်ပုံတင်ရေး ၊ မဲဆန္ဒရှင်များကို ပညာပေးရေး ၊ နိုင်ငံရေးပါတီများကို ငွေကြေးထောက်ပံ့ရေး ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် နိုင်ငံရေးပါတီတွေ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ဗေဒါအခမဲ့စာသင်ကျောင်း တည်ထောင်သူ မျိုးရန်နောင်သိန်းက ဆိုသည်။

 

"အီးယူကလုပ်တာပါ သူဦးဆောင်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်း (၈)ခုရယ် ၊ နိုင်ငံရေးပါတီအချို့ရယ်ပေါ့ နေပြည်တော်မှာ   တွေ့မယ် တွေ့ပြီး မဲဆန္ဒရှင်တွေကို ပညာပေးရေး ကိစ္စတွေ ၊ နိုင်ငံရေးပါတီတွေကို ငွေကြေးထောက်ပံ့ပေးရေး အဲ့ဒါတွေကို ဆွေးနွေးကြမယ် ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့လည်းပါတယ် ၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့လည်း ပါမယ်"  ဟု ကိုမျိုးရန်နောင်သိန်းက ပြောသည်။

 

၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ခုနှစ်တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ မကျင်းပမီကာလတွင် ကြိုတင်ပြင်ဆင်ခြင်းများ ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခြင်းမျိုးမရှိခဲ့ခြင်းကြောင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် တရားမျှတနိုင်သည်ဟု ၄င်းက သုံးသပ်ပြောဆိုသည်။

 

ရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ချက်ဆွေးနွေးပွဲများအရ ၂၀၁၅ ရွေးကောက်ပွဲသည် ယမန်နှစ်များတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများထက် ပို၍ လွတ်လပ်ပြီးတရားမျှတနိုင်သည်ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စူစန်နာလှလှစိုးက ဆိုသည်။

 

" ၂၀၁၀ ရွေးကောက်ပွဲတုန်းက အားမရဘူး ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတော့ မဆိုးပါဘူး ၊ ဒါပေမယ့် အခု ၂၀၁၅ ရွေးကောက်ပွဲကတော့ ပိုပြီးလွတ်လပ်ပြီးတရားမျှတမယ်ထင်တယ် ဘာလို့လဲဆိုတော့ အခု အရပ်ဖက်အဖွဲ့အစည်းတွေလည်း များလာပြီ အစိုးရပိုင်းကလဲခေါ်ပြီး ပြင်ဆင်မှုတွေ လုပ်နေပြီ" ဟု ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်စူစန်နာလှလှစိုးက ပြောသည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပရေးအတွက် မဲလိမ်မှုများ မဖြစ်ပေါ်ရေး ၊ ပဋိပက္ခမဖြစ်အောင် ပြုပြင်ရေး နှင့် အစိုးရမှ အရပ်ဖက်အဖွဲ့အစည်းများ နိုင်ငံရေးပါတီများနှင့် စုစည်းပြီး ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု ၄င်းက အကြံပြုပြောဆိုသည်။

 

နိုင်ငံရေးပါတီအချို့မှလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီး တိုင်းရင်းသားပါတီအချို့မှလည်း ကိုယ်တိုင် ရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ထွက်လာရေးအတွက် အစီအစဉ်ဆွဲ ဆွေးနွေး ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း တိုင်းရင်းသားပါတီအချို့ထံက သိရှိရသည်။

 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။