Tuesday, April 23, 2013

ပြည်မြို့လယ်ခေါင် တိုက်ခန်းတွင် ပစ္စည်းယူ လူသတ်မှုဖြစ်ပွား

ပြည်မြို့လယ်ခေါင် တိုက်ခန်းတွင် ပစ္စည်းယူ လူသတ်မှုဖြစ်စဉ်တစ်ခု ဧပြီလ ၂၁ ရက်နေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ လမ်းမတော်လမ်း မီးရထားတိုက်တန်းရှိ အောင်ပိုင်ဖြိုး နာရီနှင့် တူရိယာအရောင်းဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးခဲ့သူမှာ ယင်းနာရီဆိုင် တိုက်ခန်းတွင် နေထိုင်သော ပိုင်ရှင်အမျိုးသမီးဖြစ်သူ ဒေါ်နီ (ခ) ဒေါ်နီနီအောင် (အသက် ၅၇ နှစ်) ဖြစ်သည်။ နေအိမ်ရေချိုးခန်း အတွင်း၌ မျက်နှာဖူးယောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ ဆိုင်အတွင်းရှိ လက်ဝတ်လက်စားများနှင့် တစ်နေ့တာ ရောင်းချငွေများ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အမှုကိုင်တွယ်နေသူ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် လှိုင်မျိုးဝင်းက ''စခန်းကိုည ၁၀ နာရီလောက်မှာ ဖုန်းဝင်လာတယ်။ ကျွန်တော်တို့ ရောက်တော့ ၁၀ နာရီထိုးပြီး ၁၀ မိနစ်ပါ။ ရေချိုးခန်းထဲမှာ ဆိုင်ရှင်အမျိုးသမီးကို မျက်နှာဖူးယောင် ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာကို တွေ့ပါတယ်။ လောလောဆယ် ပျောက်ဆုံးတဲ့ ငွေနဲ့ပစ္စည်းစာရင်းတွေကို စိစစ်နေတုန်းပါပဲ။ အမှုမှန် ပေါ်ပေါက်ဖို့ကို ကျွန်တော်တို့အနေနဲ့ ကြိုးစားနေပါတယ်'' ဟု ပြောသည်။

သေဆုံးသူတွင် သားတစ်ယောက်၊ သမီးတစ်ယောက်ရှိကြောင်း၊ နေအိမ်တွင် သားဖြစ်သူနှင့် အတူနေထိုင်ပြီး အခင်းဖြစ်ပွားချိန်တွင် သားဖြစ်သူသည် နေအိမ်တွင် မရှိဘဲ သင်တန်းတက်နေချိန် ဖြစ်ကြောင်း၊ သင်တန်းမှအပြန် နေအိမ်အတွင်း ပစ္စည်းများ ဖရိုဖရဲဖြစ်နေသည်ကို တွေ့ရာမှ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ယင်းအမှုအား အမှတ် (၂) ရဲစခန်းတွင် ပ/၂၉၁ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။