Thursday, April 25, 2013

၂၀၁၄ တွင် အင်ဒို-မြန်မာ ကုန်သွယ်မှု ဒေါ်လာသန်း ၁,၀၀၀ အထိ မျှော်မှန်း

ရန်ကုန် (မဇ္ဈိမ)။   ။ လာမည့်နှစ်အတွင်း အင်ဒိုနီးရှားနှင့် မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အမေရိကန်
ဒေါ်လာ သန်း တထောင်အထိ ရောက်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှား သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနို က ပြောကြားသည်။

နေပြည်တော်တွင် ဧပြီလ ၂၃ ရက်နေ့ ပြုလုပ်သည့် နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးပွဲတွင် ထိုသို့ ပြောဆိုသွားခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

သမ္မတ နှစ်ဦး နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် သဘောတူညီချက်များ လက်မှတ်
ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

သဘောတူညီချက်များအနက် ပထမ တခုမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အခြေခံမူ သတ်မှတ်ချက်ဖြစ်ပြီး ကျန်သဘောတူညီချက်များမှာ လူသားရင်းမြစ် ဖွံ့ဖြိုးမှုနှင့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ
ဖြစ်သည်။

သမ္မတနှစ်ဦးတို့၏ ဆွေးနွေးမှုများအရ အင်ဒိုနီးရှားကုမ္ပဏီ ၁၂ ခုတို့က မြန်မာနိုင်ငံတွင်၂၀၁၂ ဒီဇင်ဘာလမှ စတင်ခဲ့သော ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ၂၄၁ သန်းအထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံအားပေးသကဲ့သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကိုလည်း တိုးမြှင့်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်ဒိုနီးရှားမှ အစိုးရပိုင်နှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များ ပိုမို လာရောက် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းသွားမည်ဟုလည်း မစ္စတာ ယူဒိုယိုနို က ပြောကြားသည်။

မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေးကဏ္ဍ၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍများ၌ ပိုမို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပြီး နည်းပညာကဏ္ဍတွင် ပညာသင်ဆုများပေးအပ်ခြင်းနှင့် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း များကို ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။