Thursday, April 25, 2013

လှိုင်သာယာ FMI အိမ်ရာတွင် လစဉ်နီးပါး ဖောက်ထွင်းခံရမှုများ ဖြစ်ပေါ်နေ

လှိုင်သာယာမြို့နယ်ရှိ FMI အိမ်ရာ (ပဒေသာပင်မြို့တော်) တွင် လစဉ်နီးပါး ဖောက်ထွင်းခံရမှုများ ဖြစ်ပေါ်နေပြီး ကျပ်သိန်းရာနှင့်ချီသော ဖောက်ထွင်းမှုများလည်း ပါဝင်ခဲ့ကြောင်း ယင်းမြို့တော်တွင် နေထိုင်သူများထံမှ သိရသည်။

ယင်းဖြစ်စဉ်များမှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်ပြီး ဖြစ်ပွားနေခြင်းဖြစ်ပြီး ကျပ်သိန်း ၂၃၀ နှင့် မတ်လ ၃ ရက်က ကျပ်သိန်း ၅၈၉ သိန်း ဖောက်ထွင်းခံခဲ့ရပြီး ဧပြီလအတွင်းကလည်း ပစ္စည်းမယူနိုင်ဘဲ ဖောက်ထွင်းခဲ့မှု တစ်မှုနှင့်အထက် ရှိခဲ့ကြောင်း နေထိုင်သူများနှင့် လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိအချိန်ထိ ဖောက်ထွင်းခဲ့သူအား ဖမ်းမိခြင်း မရှိသေးမှုနှင့် တိုင်းကြားစဉ် ကာလအတွင်း ဖောက်ထွင်းခံရသည့် နေအိမ်များ ထပ်မံရှိလာ၍ FMI အိမ်ရာအတွင်း လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း နေထိုင်သူများထံမှ သိရသည်။

မတ်လအတွင်းက ကျပ်သိန်း ၅၀၀ ကျော် ဖောက်ထွင်းခံခဲ့ရသည့် နေအိမ်ပိုင်ရှင်က "ကျွန်တော် အိမ်ကကလေး နေမကောင်းလို့ ဆေးခန်းပြနေတဲ့ အချိန်အတွင်းမှာ ဖောက်ထွင်းခံခဲ့ရတာပါ။ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ အခုထိ ဘာမှထူးမလာသေးဘူး။ ဖောက်ထွင်းမှုတွေတောင် ထပ်ရှိနေပါသေးတယ်။ ဒီအတွက် FMI အိမ်ရာ လုံခြုံရေးက စိတ်ချရမှု မရှိသေးပါဘူး" ဟု ပြောသည်။

"ကျွန်တော်တို့အနေနဲ့ FMI အိမ်ရာမှာ လုံခြုံရေးတွေကို ၂၄ နာရီ ကင်းလှည့်ခိုင်းထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးအင်အားက အိမ်ရာ အကျယ်အ၀န်းအတွက် လောက်ငမှု မရှိသေးပါဘူး။ ဒီအတွက် ကျွန်တော်တို့ အတွေ့အကြုံရှိတဲ့ လုံခြုံရေးတွေကို အမြန်ဆုံး ခန့်သွားမှာ ဖြစ်ပါတယ်" ဟု FMI အိမ်ရာ၏ Estate Manager ဖြစ်သူ ဦးအောင်မြင့်က ဆိုသည်။

ရဲတပ်ဖွဲ့၏ လုံခြုံရေးနှင့် ဖောက်ထွင်းသူအား ဖမ်းဆီးဆောင်ရွက်ရေး အပိုင်းတို့တွင် FMI အိမ်ရာအတွင်း နေထိုင်သူအချို့မှာ ပူးပေါင်းပါဝင်မှု အားနည်းလျက်ရှိနေကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လှိုင်သာယာမြို့နယ် ရဲစခန်းမှ ရဲအုပ်ဝင်းနိုင်က "ဂိတ်တွေမှာ စစ်ဆေးရေး လုပ်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်တဲ့သူတွေ ရှိသလို ကျေနပ်မှု မရှိတဲ့ သူတွေလည်း ရှိနေပါတယ်။ အဲဒီလို ကိစ္စလေးတွေ ကြန့်ကြာနေမှုတွေက ဖောက်ထွင်းသူကို ဖမ်းဆီးတဲ့ အပိုင်းတွေမှာ အခက်အခဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

ယင်းအပြင် FMI အိမ်ရာတွင် ပန်းရန်၊ လက်သမားနှင့် မီးသမား အစရှိသည့် အခြေခံ အလုပ်သမားပေါင်း ၁၀၀၀ ကျော်မှာ နေ့စဉ် အ၀င်အထွက် ပြုလုပ်လျက်ရှိပြီး အိမ်ငှားနေထိုင်သည့် အိမ်ထောင်စု ၆၀၀ ကျော်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း FMI အိမ်ရာအတွင်း အသေးစား ခိုးယူသူဟု ယူဆရသူတစ်ဦးအား ဖမ်းမိထားပြီး ၎င်းမှာ ဖောက်ထွင်းမှုများနှင့် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးလျက် ရှိနေကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။