Thursday, April 25, 2013

ဝေဖန်မှုများနှင့် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းကတ်များ ဧပြီ ၂၄ ရက် စတင်ရောင်းချ


cdma800mhz1-apirl25

ဧပြီလ၂၄ ရက်က တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ဖုန်းကတ် လာရောက်ဝယ်ယူသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တယ်လီဖုန်း ခွင့်ပြုရောင်းချသည့် ပုံစံအပေါ် ရပ်ကွက်နေ ပြည်သူတို့အကြား အဆင်မပြေမှုများ၊ ဝေဖန်မှုများရှိခဲ့သော ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းကတ်များကို ဧပြီ ၂၄ ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ၌ မဲစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မြို့နယ်အလိုက် မဲနှိုက်သည့် နေ့ရက်များ မတူညီခဲ့ဘဲ ဧပြီ ၂၁ ရက်မှ ၂၄ ရက်အတွင်း မဲနှိုက်ကာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းကတ် ပေါက်သူများကို ဧပြီ ၂၄ ရက်တွင် ရောင်းချခဲ့ကြသည်။

 မဲပေါက်သူများမှာ ယင်းနေ့ ညနေ ၃ နာရီတွင် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဓာတ်ပုံနှစ်ပုံ ယူဆောင်၍ ရပ်ကွက်၏ သတ်မှတ်နေရာများတွင် ကျပ် ၁၅၀၀ ဖြင့် ၀ယ်ယူခဲ့ရကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် အဆိုပါ ဖုန်းကတ်များ ရောင်းချပေးမည့်အပေါ် အများပြည်သူသို့ အသိပေးခြင်းမှာ တရားဝင် ရောင်းချမည့် ဧပြီ ၂၄ ရက်နှင့် နီးကပ်လွန်းနေခြင်း၊ ရပ်ကွက်နေသူတို့မှာ လျှောက်ထားဝယ်ယူ လိုသော်လည်း ရှင်းလင်းသေချာစွာ ကြိုတင် မသိရခြင်းများ ရှိခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတို့က ပြောသည်။

စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်း (တောင်)ရပ်ကွက်တွင် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဖုန်းကတ် လျှောက်ထားသူ ၈၄၂ ဦးရှိပြီး ခွဲတမ်းရသော ကတ်အရေအတွက်မှာ ၁၃၈ ကတ်ဖြစ်သည်။

cdma800mhz2-apirl25

ရပ်ကွက်တစ်ခုအတွင်း ဖုန်းကတ် မဲပေါက်သူများ စာရင်းကို တိုးဝှေ့ ကြည့်ရှုနေကြသူများ (ဓာတ်ပုံ-နေမျိုးထွန်း)

ထို့အတွက် ဧပြီ ၂၄ ရက်နေ့ နံနက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ဓမ္မာရုံ၌ လူအများရှေ့တွင် ကလေးငယ်နှစ်ဦးမှ မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး မဲပေါက်သူများသာ ၀ယ်ယူခွင့် ရရှိခဲ့ကြောင်း သိရသည်။

"ကျွန်မက လျှောက်လွှာနှစ်စောင် တင်ထားတယ်။ နှစ်ခုစလုံး မပေါက်ဘူး" ဟု ကျွန်းတောလမ်းနေထိုင်သူ တစ်ဦးက ပြောသည်။

"နောက်လတွေကျရင်လည်း လျှောက်တဲ့သူတွေ များဦးမှာပဲ။ ပေါက်ဖို့ မလွယ်ဘူး။ အခု ဒီကတ်တွေကို အပြင်မှာ ကျပ်သုံးသောင်းနဲ့ ၀ယ်တသူတွေ ရှိတယ်လို့လဲ ကြားတယ်" ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

ယခုအကြိမ် တယ်လီဖုန်း မဲပေါက်ထားသူများ အနေဖြင့် နောက်လများတွင် ၀င်ရောက်လျှောက်ထားခွင့် မရှိကြောင်း၊ မဲမပေါက်သူများသာ လာမည့်လများတွင် ဆက်လက်လျှောက်ထားနိုင်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်မှ ဖုန်းကတ်လျှောက်ထားသူ တစ်ဦးက "ကျွန်မတို့ ရပ်ကွက်မှာ လုပ်သွားတဲ့ပုံစံက သိပ်ရိုးသားမှု မရှိဘူးလို့ ထင်တယ်။ သူတို့ အသိအကျွမ်းတွေ၊ ခင်မင်သူတွေ ပေါက်တာများတယ်လို့ သိရတယ်။ ရပ်ကွက်ထဲမှာ တစ်လမ်းလုံးမှာမှ တစ်ယောက်တည်း ပေါက်တာမျိုးတွေ ရှိတယ်။ ပထမတော့ ကိုယ်တိုင်မဲနှိုက်ရမယ် ထင်ထားတာ၊ တကယ်တမ်း ကလေးနှစ်ဦးက နှိုက်တယ်။ ကြိုတင်လည်း ပြောပြမထားဘူး။ ငါးဦးလျှောက်ထားတာ တစ်ယောက်မှ မပေါက်ဘူး။ ရွှေပေါက်ကံဘက်မှာတော့ ဆွေမျိုးနှစ်ဦးလျှောက်တာ နှစ်ဦးစလုံး ပေါက်တယ်" ဟု ပြောသည်။

အဆိုပါ ရပ်ကွက်၌ လျှောက်ထားသူ ၁၃၅ ဦးရှိပြီး ဖုန်းကတ်ခွဲတမ်းမှာ ၂၈ ကတ်သာ ရရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက "လာလျှောက်တဲ့သူ ၃၆၇ ဦး ရှိပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အတွက် ဖုန်းဆင်းကတ်က ၁၁၀ ရပါတယ်။ မဲနှိုက်ပေးမယ့် သူတွေက ဖုန်းရောင်းချရေး ကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ NLD ပါတီက ဒေါ်သိင်္ဂီဝင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးမင်းဇော်နဲ့ ရပ်ကွက်ဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုအဖွဲ့၊ အဖွဲ့ဝင် ဦးတင်မြင့်တို့ မဲနှိုက်ပေးခဲ့တာပါ။ မဲနှိုက်တဲ့ နေရာမှာလည်း ရပ်မိရပ်ဖတွေက ကြီးကြပ်ပေးပါတယ်" ဟု ပြောသည်။

ထိုသို့ မဲနှိုက်ပေးရာတွင် လာရောက်လျှောက်ထားသူများအနက် တစ်ဦးမှ အများရှေ့၌ မဲလိပ်များ ရေတွက်စေခဲ့ပြီး တာဝန်ရှိသူများမှ မဲနှိုက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က မဲပေါက်သူများ စာရင်းကို နေ့လယ်တွင် ထုတ်ပြန်ပေးခဲ့ပြီး ဧပြီ ၂၄ ရက် ညနေ ၃ နာရီ နောက်ဆုံးထား၍ ပတ်စ်ပို့ဓာတ်ပုံ ၃ ပုံနှင့် ငွေကျပ် ၁၅၀၀ လာရောက် ပေးသွင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်မှ ဆင်းမ်ကတ် မဲပေါက်သူ တစ်ဦးက "ဆင်းမ်ကတ် မဲပေါက်တာသိတော့ သုံးသောင်းပေးပြီး လာဝယ်တဲ့သူ ရှိတယ်။ မရောင်းပါဘူး။ ကျွန်တော်သုံးမှာပါ။ ဟန်းဆက်က ဘာဟန်းဆက် ၀ယ်ရမှန်းတော့ မသိသေးဘူး။ ကြားတာက သူတို့ MEC က ထုတ်တဲ့ ဟန်းဆက်နဲ့မှ လိုင်းဆွဲအား ပိုကောင်းတယ်လဲ ပြောနေကြတယ်။ ဘယ်ဟန်းဆက်နဲ့မဆို သုံးရရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးတာတော့ ကောင်းပါတယ်။ ကန့်သတ်ချက်တွေတော့ အများကြီး မရှိစေချင်ဘူး" ဟု ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင် ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင် ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တန်ဖိုးနည်း မိုဘိုင်းဆင်းကတ်များ မဲနှိုက်ခဲ့ပြီး အဆိုပါ ရပ်ကွက်အတွက် ဆင်းမ်ကတ် ဝေစုမှာ ၇၃ ကတ် ရရှိကာ သံဃာတော်များအတွက် ခြောက်ကတ်၊ ကျန်ရှိသည့် ၆၇ ကတ်ကို ရပ်ကွက်နေသူများသို့ မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးကလည်း "လာလျှောက်တဲ့ အရေအတွက်က ၃၇၃ ရှိတယ်။ ရတဲ့ကတ် အရေအတွက်က တစ်လနဲ့တစ်လတော့ မတူဘူး။ နောက်လဆိုရင် ဒီလောက်ရချင်လည်း ရမယ်။ လျှောက်တဲ့အပေါ် မူတည်ပြီး ကတ်အရေအတွက်ကို ပြန်ပြီးချပေးတာ။ ဒီရပ်ကွက်မှာက လျှောက်တဲ့သူ များတယ်" ဟုပြောသည်။

ကျောက်မြောင်း အရှေ့ရပ်ကွက်၊ ကျောက်ရေတွင်းလမ်းတွင် နေထိုင်သည့် ဦးမျိုးလွင်က "ကျွန်တော်တို့ ရပ်ကွက်အတွက် ကတ်ဝေစုက ၁၀ ကတ်ပဲ ရတယ်။ ကျွန်တော်တို့ ၂၁ ရက်နေ့ ၁ နာရီထိုးမှာ မဲနှိုက်မယ်လို့ ပြောထားတယ်။ ဒါပေမယ့် ကျွန်တော်က ၂ နာရီမှ ရောက်သွားတယ်။ ပြီးတော့ ကတ်တွေကို မဲမနှိုက်ဘဲ ဝေလိုက်တယ်လို့ ပြောတယ်။ ဆယ်အိမ်မှူးတွေ၊ ရပ်ကွက်ရုံးက စာရေးမတွေ ရသွားတယ်။ ရပ်ကွက်ထဲကသူတွေ မရဘူး။ ကျွန်တော်က သွားပြောတော့ ငါလူကြီး-ကြိုက်တာလုပ်မယ်လို့ ပြောတယ်။ ဒါမျိုးတော့ မဖြစ်သင့်တော့ဘူး ထင်တယ်" ဟု ပြောသည်။

ယခု ရောင်းချပေးသည့် စီဒီအမ်အေ ၈၀၀ ဖုန်းနံပါတ်များ၏ အစဂဏန်းမှာ ၃၁၀ ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။