Thursday, April 25, 2013

ပြည်မြို့ န၀ဒေးတံတားအနီး၌ သမီးရည်းစားစုံတွဲထံမှ တပ်သားသုံးဦးက ပစ္စည်းလုယူပြီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံး

ပြည်မြို့ န၀ဒေးတံတားအနီး ရှုခင်းသာ ကော်ဖီဆိုင်အောက်ခြေ၊ သောင်ပြင်သို့ လာရောက်သော သမီးရည်းစား စုံတွဲအား ပြည်မြို့၊ ခ.လ.ရ (၇၅)မှ တပ်သားသုံးဦးမှ ပစ္စည်းလုယူ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးသွားသည့် ဖြစ်စဉ် ဧပြီလ ၂၃ ရက်၊ ည ၁၀ နာရီ မိနစ် ၃၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ည ၁၀ နာရီ အချိန်ခန့်က ပြည်မြို့ န၀င်းရပ်ကွက်၊ တရုတ်စုလမ်းတွင် နေထိုင်သူ အမျိုးသားနှင့် ပြည်မြို့၊ န၀င်းရပ်ကွက်၊ စာကုန်သည်လမ်းတွင် နေထိုင်သည့် အမျိုးသမီး သမီးရည်းစားစုံတွဲမှာ ရှုခင်းသာ ကော်ဖီဆိုင် အောက်ခြေသောင်ပြင်သို့ ရောက်ရှိပြီး စကားပြောနေစဉ် ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်၌ လူစိမ်းယောက်ျားသုံးဦး ရောက်ရှိလာကာ ၎င်းတို့စုံတွဲအား နှောက်ယှက်သဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ခိုက်ရန်ဖြစ်ပွားသဖြင့် သမီးရည်းစား စုံတွဲမှ အမျိုးသားဖြစ်သူ၏ မျက်နှာတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာ သောင်ပြင်တွင်ပင် သေဆုံးသွားခဲ့သည်။ သမီးရည်းစား စုံတွဲမှ (၂၇)နှစ်ရှိ အမျိုးသမီး၏ မျက်နှာနှင့် လည်ပင်းတွင် ဒဏ်ရာများရရှိပြီး ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။


ပြည်မြို့ဒေသခံ တချို့မှ ကျေနပ်ခြင်း မရှိကြသဖြင့် ဧပြီ ၂၄ ရက် နံနက် ၁ နာရီအချိန်ခန့်က ပြည်မြို့၊ အမှတ် (၂)ရဲစခန်းရှေ့သို့ စုရုံးသွားရောက်၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်စေရေးအတွက် သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ . . . . .


အဆိုပါ ဖြစ်စဉ်၌ ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှ ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံခဲ့မှုကြောင့် ဆင်စုရပ်ကွက်နေ ပြည်သူများမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် အခင်းဖြစ်ပွားရာ သောင်ပြင်တစ်ဝိုက်နှင့် ရန်ကုန်-ပြည် အဝေးပြေးကားလမ်းဟောင်း တစ်လျှောက် နေရာများအား ၀ိုင်းဝန်းရှာဖွေခဲ့ရာ ပြည်မြို့အထွက် ခ.လ.ရ (၇၅)မှ တပ်သား သန်းထိုက်အောင်၊ တပ်သား ရဲကိုဦးတို့နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအချိန်၌ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တပ်သား တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် တရားခံများအား တာဝန်ရှိသူများမှ သက်ဆိုင်ရာ တပ်ရင်းသို့ ဆက်သွယ်အကြောင်းကြားကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်စေရန်အတွက် လွှဲပြောင်းပေးခဲ့ကြောင်း ထိုသို့လွှဲပြောင်းပေးခဲ့ခြင်းအပေါ် ပြည်မြို့ဒေသခံ တချို့မှ ကျေနပ်ခြင်း မရှိကြသဖြင့် ဧပြီ ၂၄ ရက် နံနက် ၁ နာရီအချိန်ခန့်က ပြည်မြို့၊ အမှတ် (၂)ရဲစခန်းရှေ့သို့ စုရုံးသွားရောက်၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်စေရေးအတွက် သွားရောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမြင့်ဦးမှနေ၍ ၎င်းတို့အား ဖြေရှင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

"အခုသေသွားတဲ့ ကောင်လေးနဲ့ ကျွန်မညီမလေးက မကြာခင် လက်ထပ်ကြတော့မယ့် မိဘသဘောတူထားတဲ့ သူတွေပါ။ သူတို့နှစ်ယောက်က ညဘက်လေညှင်းခံရင်းနဲ့ အဲဒီသောင်ပြင်ကို သွားတာလို့ ညီမလေးက ပြောတယ်၊ အဲဒီမှာ သူတို့ဆီကို လူစိမ်းသုံးယောက် ရောက်လာပြီး ပထမ မီးခြစ်လာတောင်းတယ်။ မီးခြစ် မရှိဘူး ပြန်ပြောလိုက်တော့ သိပ်မကြာဘူး။ အဲဒီလူသုံးယောက် ပြန်ရောက်လာပြီး သူတို့ကို နောက်ကနေသိုင်းပြီး သောင်ပြင်ပေါ်ကို လှဲချပါတယ်။ ပြီးတော့ လည်ပင်းကို ညှစ်တယ်၊ ပါးစပ်ကိုပါဖြဲပြီး မအော်နိုင်အောင် လုပ်တဲ့အခါကျတော့ အသက်ရှူကျပ်လာပြီး ဒီပုံအတိုင်းဆိုရင် မဖြစ်တော့ဘူး၊ သေတော့မှာပဲ ဆိုပြီးတော့ ညီမလေးက မေ့ချင်ယောင် ဆောင်လိုက်တယ်။ အဲဒီတော့မှ သူ့ကို လွှတ်လိုက်ပြီး ပါလာတဲ့ ငွေအချို့နဲ့ လက်စွပ်ကို ချွတ်ယူသွားကြတယ်။ ဒီနောက် ညီမလေးက ခုနက ဒဏ်ရာအရှိန်နဲ့ ခဏမေ့သွားခဲ့ပြီး ဘာမှ မသိတော့ဘူး။ သတိပြန်ရအလာမှာ ကမ်းဘက်ကိုသွားပြီး ပန်းခြံစောင့် တာဝန်ရှိသူကို လှမ်းပြီး အကူအညီ တောင်းခဲ့တာပါပဲ" ဟု ပြစ်မှုကျူးလွန်ခြင်း ခံခဲ့ရသူ၏ အစ်မဖြစ်သူမှ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

"လူစုပြီး သောင်ပြင်တစ်လျှောက်နဲ့ ကားလမ်းတစ်လျှောက်ကို ပိတ်ဆို့ပြီး တရားခံတွေကို ဖမ်းဆီးဖို့ လုပ်ပါတယ်။ အဲဒီမှာ တရားခံလို့ ယူဆရတဲ့ လူတွေက လမ်းမဟုတ်တာကြီးကနေ ကားလမ်းပေါ်ကို တက်လာကြတယ်။ အဲဒီမှာ ကျွန်တော်တို့အဖွဲ့က စစ်ဆေးမေးမြန်းတော့ သူတို့က ခ.လ.ရ (၇၅) ကပါလို့ ပြောတယ်။ မင်းတို့ (၇၅) ကဆိုရင် မင်းတို့ကို ဘာမှမလုပ်ဘူး၊ ထိုင်နေ မပြေးနဲ့၊ ကျန်တဲ့တစ်ယောက်ကိုပါ ခေါ်လိုက်လို့ ဆိုတာကို အဲဒီတစ်ယောက်က ထွက်ပြေးသွားတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဖမ်းမိတဲ့လူတွေကို ထိန်းထားစဉ်မှာ ရောက်ရှိလာတဲ့ ရဲတွေထဲက တစ်ဦးက စစ်ဆေးမေးမြန်းရင်း ခ.လ.ရ (၇၅)ကလည်းဆိုရော တပ်ရင်းမှူးဆီကို ဖုန်းလှမ်းဆက်တယ်။ တပ်ရင်းမှူး ရောက်လာတဲ့အခါမှာ ရဲတွေက မနက်ဖြန်မှ ဆက်သွယ်လိုက်မယ်ဆိုပြီး တပ်သားနှစ်ယောက်ကို သူတို့တပ်ရင်းမှူးကို အပ်လိုက်ပါတယ်" ဟု တရားခံအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ဆိုသည်။

ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးဦးမြင့်ဦးက "ညက ဖမ်းမိထားတဲ့ တရားခံနှစ်ယောက် အပြင်လွတ်သွားတဲ့ သူတစ်ဦးကိုပါ ဖမ်းဆီးထားပါပြီ။ သူတို့ကို လောလောဆယ် သက်ဆိုင်ရာ တပ်ရင်းရုံးက အချုပ်မှာပင် ထိန်းသိမ်းထားပါတယ်။ ဥပဒေနှင့်အညီ ပြစ်ဒဏ်များ ချမှတ်နိုင်အောင်လို့ မှန်ကန်စွာ ဆောင်ရွက်သွားမှာပါ" ဟု ဆိုသည်။ ပြည်မြို့၊ အမှတ် (၂) စခန်းတွင် ပြစ်မှု ဥပဒေပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။