Thursday, April 25, 2013

ညောင်ချောင်းသာ ကမ်းခြေ၌ ယခုနှစ်ရာသီအတွင်း ရေနစ်သေဆုံးသူ များပြားလာသည့်အတွက် အရက်သေစာရောင်းချမှု ပိတ်ပင်သွားမည့်အပြင် လုံခြုံရေးကိုလည်း တင်းကျပ်မည်


nyaungchaungthar-april24

ဧပြီလ ပထမပတ်အတွင်းက ညောင်ချောင်းသာမြင်ကွင်း

ဧရာဝတီတိုင်း ဒေသကြီးရှိ ညောင်ချောင်းသာ ကမ်းခြေတွင် ယခုနှစ် ရာသီအတွင်း ရေနစ်သေဆုံးသူ ဦးရေမှာ ယခင်နှစ်ကထက် ပိုမိုများပြားလာသဖြင့် ကမ်းခြေတစ်လျှောက် ဖွင့်လှစ်ထားသော ဈေးဆိုင်များတွင် အရက်သေစာ ရောင်းချမှု ပိတ်ပင်သွားမည့်အပြင် လုံခြုံရေးပိုင်းကိုလည်း ပိုမိုတင်းကျပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံရာ ကျေးရွာအနီး ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ညောင်ချောင်းသာ ကမ်းခြေသည် ၂၀၁၀ ပြည့်နှစ်ကတည်းက လူသိများလာခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်တွင် လာရောက်လည်ပတ်သူ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။

ညောင်ချောင်းသာ ကမ်းခြေသို့ ယခုနှစ် သင်္ကြန်ကာလအတွင်း တစ်ရက်လျှင် ပျမ်းမျှ ပြည်တွင်းခရီးသွား ဦးရေ ၁၅၀၀၀ ၀န်းကျင်ခန့် လာရောက်လည်ပတ်ခဲ့ပြီး သင်္ကြန်မတိုင်မီနှင့် သင်္ကြန်အပြီး နေ့ရက်များတွင်မူ နေ့စဉ်  ဦးရေ ၁၀၀၀ မှ ၅၀၀၀ ၀န်းကျင်ခန့် လာရောက်အပန်းဖြေလေ့ရှိကြောင်း ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်မင်းက ပြောသည်။


ညောင်ချောင်းသာ ကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ရာသီချိန်က ရေနစ်သေဆုံးသူ ခြောက်ဦး၊ ယခု ၂၀၁၂-၂၀၁၃ ရာသီအတွင်း ရေနစ်သေဆုံးသူ ကိုးဦးအထိ ရှိနေပြီဖြစ်ကြောင်း . . . . .

ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထင်မင်းက "ခရီးသွား အချို့က အရက်သေစာကို အလွန်အကျွံ သောက်စားမူးယစ်ပြီး ရေထဲဆင်း ကစားကြတယ်၊ ရေကူးကြတယ်။ အမူးလွန်ပြီးတော့ ရေမကူးနိုင်တော့ဘဲ သေကြတာတွေ ရှိတယ်။ သေဆုံးသူ အများစုက နှလုံးရပ်ပြီး သေကြတယ်။ အန်ဖတ်ဆို့ပြီး သေကြတယ်" ဟု ပြောသည်။

အသေအပျောက်များ လျော့ကျသွားအောင် ရေနက်ပိုင်းများတွင် ပိုက်များပို၍ ကာရံသွားမည်ဖြစ်ကြောင်း၊ အသံချဲ့စက်များနှင့် သတိပေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အသက်ကယ် စက်လှေများ ထားရှိသွားမည်ဖြစ်ပြီး လုံခြုံရေးအနေနှင့် ရဲတပ်ဖွဲ့၊ အရန်မီးသတ်၊ ရပ်ကွက် တာဝန်ရှိသူများကိုလည်း ယခုထက်ပိုပြီး တိုးမြှင့် တာဝန်ချသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးထင်မင်းက ဆက်လက်ပြောပြသည်။

ညောင်ချောင်းသာ ကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ရာသီချိန်က ရေနစ်သေဆုံးသူ ခြောက်ဦး၊ ယခု ၂၀၁၂-၂၀၁၃ ရာသီအတွင်း ရေနစ်သေဆုံးသူ ကိုးဦးအထိ ရှိနေပြီဖြစ်ကြောင်း ညောင်တုန်းမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမင်းကလည်း ညောင်ချောင်းသာ ကမ်းခြေ၌ ယခုရာသီအတွင်း သေဆုံးသူ အများစုမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ဖြစ်ကြပြီး ညောင်တုန်းမြို့ခံ တစ်ဦးသာ ပါဝင်ကြောင်း ပြောသည်။

"ကမ်းခြေမှာ ဖွင့်ထားတဲ့ ဆိုင်အရေအတွက်က ၄၀ နီးပါး ရှိတယ်။ အဲဒီဆိုင်တွေအားလုံး အရက်သေစာ ရောင်းချမှုတွေကို လုံးဝခွင့်မပြုတော့ဘူး။ ဒါပေမဲ့ ခရီးသည်တွေက သူတို့အစီအစဉ်နဲ့ သူတို့ ၀ယ်လာပြီး အလွန်အကျွံ သောက်စားပြီးတော့ ပျော်ပါးကြတယ်။ အလွန်အကျွံ သောက်စားပြီး ရေမကူးသင့်ဘူး။ တချို့သေသူတွေဟာ ရေဒူးလောက်ရှိတဲ့ နေရာမှာ အန်ဖတ်ဆို့ သေတာတွေ ရှိတယ်" ဟု ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောသည်။

ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာ ကမ်းခြေတစ်လျှောက်သည် ပေ ၈၀၀ ကျော် အရှည်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။