Thursday, April 25, 2013

ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို 800 MHz ဟန်းဆက်တိုင်းတွင် အသုံးပြုနိုင်ပြီး အနိမ့်ဆုံးကျပ် ၂၀၀၀၀ ဖြင့် တစ်ဆင့်ပြန်လည် ရောင်းချမှုများရှိနေ


4.24.4

သင်္ဃန်းကျွန်းမြို့နယ် 'ဇ' တောင်ရပ်ကွက်တွင် ဧပြီလ ၂၂ ရက်နေ့က ဖုန်းဆင်းမ်ကတ် မဲနှိုက်ပွဲတစ်ခုကို တွေ့ရစဉ်

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် ရောင်းချပေးလျက်ရှိသော ငွေကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို မည်သည့် 800 MHz ဟန်းဆက်တိုင်းတွင်မဆို အသုံးပြုနိုင်ကြောင်း သိရှိရသည်။ ထို့ပြင် ရပ်ကွက်ရုံးများမှ မဲစနစ်ဖြင့် ၀ယ်ယူခွင့် ရရှိထားသော ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ဖုန်းဆင်းမ်ကတ်များကို အနိမ့်ဆုံးကျပ် ၂၀၀၀၀ ဖြင့် တစ်ဆင့် ပြန်လည် ရောင်းချမှုများလည်း ရှိနေကြကြောင်း သိရသည်။

အဆိုပါ ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များအား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းနှင့် အခြားသော ပြည်နယ်များသို့ ဧပြီ လ ၂၄ ရက်နေ့တွင် စတင်ရောင်းချ ပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်ကျေးရွာ အများစုတွင် မဲနှိုက်စနစ်ဖြင့် ရောင်းချမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုဆင်းမ်ကတ်များကို အသုံးပြုရာတွင် MEC မှ တင်သွင်းသည့် ဟန်းဆက်များဖြင့်သာ အသုံးပြုနိုင်သည် ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်းကိုလည်း ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သည့် လူကြီးမင်း မိုဘိုင်းဖုန်း အရောင်းဆိုင်၏ သတင်းစာ ရှင်းလင်းပွဲ၌ ဒါရိုက်တာ ဦးကိုကိုအောင်က ရှင်းပြခဲ့သည်။

ထို့အပြင် ၂၄ ရက်တွင် ရောင်းချမည့်ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များမှာ မဲနှိုက်သည့်သူများ အနေဖြင့် ပြန်လည်ရောင်းချရာတွင် ပေါက်ဈေးမှာ ငွေကျပ်နှစ်သောင်းမှ လေးသောင်းထိ ရှိကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်မှ ဒါရိုက်တာ ဦးကိုကိုအောင်က ''ကျွန်တော်တို့ဆိုင်မှာရှိတဲ့ CDMA ဟန်းဆက်တွေ အကုန်လုံးနဲ့ စမ်းပြီးသွားပါပြီ။ အဆင်ပြေပါတယ်။ MEC က ထုတ်တဲ့ ဟန်းဆက်တွေနဲ့မှ အဆင်ပြေတယ်ဆိုတာ မဟုတ်ပါဘူး။ အကုန်လုံးနီးပါးနဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နေရာပေါ် မူတည်ပြီးတော့ လိုင်းဆွဲအားကောင်းတာ၊ မကောင်းတာ ရှိမှာပေါ့။ စမ်းရသလောက်တော့ အဆင်ပြေပါတယ်'' ဟု ပြောသည်။

MEC ကုမ္ပဏီမှ ထုတ်လုပ် ရောင်းချသည့် MEC တံဆိပ် ဟန်းဆက်များမှလည်း မိုဘိုင်းဈေးကွက်တွင် ဖြန့်ချိလျက်ရှိပြီး ဈေးနှုန်းမှာ ကျပ် ၃၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ ထို့အပြင် MEC ကုမ္ပဏီမှ ရောင်းချသည့် ငွေဖြည့်ကတ်များကိုလည်း ရန်ကုန်မြို့ရှိ အရောင်းဆိုင်တိုင်းတွင် ၀ယ်ယူနိုင်ပြီး ငွေကျပ် ၅၀၀၀ တန်၊ ၁၀၀၀၀ တန်နှင့် ၃၀၀၀၀ တန်များ ထွက်ရှိမည်ဖြစ်ပြီး FEC 10, 20, 30 တန် ငွေဖြည့်ကတ်များလည်း ထွက်ရှိမည် ဖြစ်သည်။

ယခုရောင်းချသည့် ဆင်းမ်ကတ်များမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချခြင်း မဟုတ်ဘဲ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ရောင်းချခြင်း ဖြစ်သောကြောင့် အသုံးပြုသူများ အနေဖြင့် ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါက မည်သို့လုပ်ဆောင်ရမည် ဆိုသည်မှာ သုံးစွဲသူများအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။