Thursday, April 25, 2013

ယခုဘဏ္ဍာနှစ်၌ ရန်ကုန်တိုင်းဒေသကြီးတွင် တိုက်နယ်ဆေးရုံရှစ်ခု၊ မြို့နယ်ဆေးရုံ ခြောက်ခုနှင့် ဒေသန္တရကျန်းမာရေးဌာန ၂၈ ခု တိုးချဲ့ဖွင့်လှစ်ရန် လျာထား

yangonhospital-april24

ရန်ကုန်ဆေးရုံကြီး အတွင်းပိုင်း မြင်ကွင်းအား ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်

ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုက်နယ်အဆင့် ဆေးရုံရှစ်ခု၊ မြို့နယ်ဆေးရုံ ခြောက်ခု၊ ဒေသန္တရ ကျန်းမာရေးဌာန ၂၈ ခုနှင့် ဒေသန္တရကျန်းမာရေး ဌာနခွဲ ၁၅ ခု တိုးချဲ့ဖွင့်လှစ်နိုင်ရန် လျာထားသည်ဟု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း၏ ကဏ္ဍအလိုက် ရည်မှန်းချက်အရ သိရသည်။

ယင်းသို့ ဆေးရုံများ၊ ဒေသန္တရ ကျန်းမာရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေသန္တရ ဥပဒေကြမ်းတွင် ဖော်ပြချက်အရ သိရသည်။ 
မည်သည့်နေရာ၌ တည်ဆောက်မည် ဆိုသည်ကိုမူ အဆိုပါ ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မရှိပေ။

နေပြည်တော်တွင် ခုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ ထပ်မံတည်ဆောက်ရန် လျာထားခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် အများစု ကန့်ကွက်ခဲ့ခြင်းကြောင့် အဆိုပါ စီမံကိန်း ရပ်ဆိုင်းခဲ့ရသည်။

စီမံကိန်းများမှ ထွက်ရှိလာမည့် ကျပ် ၁၂ ဘီလီယံ နီးပါးကို အခြေခံ ပြည်သူ့ကျန်းမာရေး ကဏ္ဍ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်ရန်နှင့် တောင်ကြီး ဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားခဲ့သည်။

ယခု ထပ်မံတိုးချဲ့မည့် တိုက်နယ်ဆေးရုံ ရှစ်ခု၊ မြို့နယ်ဆေးရုံ ခြောက်ခု၊ ဒေသန္တရကျန်းမာရေး ဌာန ၂၈ ခုတို့မှာလည်း နေပြည်တော်ရှိ ဆေးရုံစီမံကိန်းများ ရပ်ဆိုင်းမှုမှ ထွက်ရှိလာသည့် ငွေကြေးများဖြင့်ပင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆေးရုံအရေအတွက် ထပ်မံတိုးချဲ့ရန် လျာထားသော်လည်း ရှိပြီးသား ဆေးရုံများတွင် ဆေးဝါးလိုအပ်ချက်များ၊ သူနာပြုများ စသည်ဖြင့် လိုအပ်ချက်များစွာ ရှိနေသည်ဟု ရန်ကုန်မြို့နေ ပြည်သူများ ဝေဖန်သုံးသပ်နေကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅၇ ရုံရှိပြီး ယခုနှစ်၌ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆတိုးမြှင့်ပေးထားသည်ဟု သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။