သင်္ကြန်ရက်အတွင်း တောင်သမန်အင်းနှင့် ဦးပိန်တံတားတွင် ယာဉ်ကြော ပိတ်ဆို့သည်အထိ လာရောက်လည်ပတ်သူ များပြားခဲ့

ယခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ရက်တွင်း ရေကစားသူများ နေ့လယ်ခင်းအချိန် အပူရှောင် နားခိုလေ့ရှိသည့် တောင်သမန်အင်း နှင့် ဦးပိန်တံတားတွင် ယာဉ်ကြော ပိတ်ဆို့သည်အထိ လာရောက်လည်ပတ် သူများပြားခဲ့ကြောင်း သိရသည်။
“ဒုတိယအကြတ်နေ့က ဦးပိန် တံတားကိုသွားတော့ တံတားအ နောက်ဘက်အင်းပတ်လမ်းတစ်ဝက် လောက်မှာ ဆိုင်ကယ်မောင်းလို့မရ အောင် ယာဉ်ကြောပိတ်နေတယ်။ ဆိုင်ကယ်ကို နီးစပ်ရာအိမ်မှာအပ် ထားခဲ့ပြီး လမ်းလျှောက်သွားတာကို မလွယ်ဘူး။ အရင်နှစ်တွေက ဒီလို ယာဉ်ကြောပိတ်ဆို့တာမရှိဘူး။ အခု နောက်ပိုင်း အခါကြီးရက်ကြီးနေ့တွေ ဆိုရင် အထင်ကရ လည်ပတ်စရာနေရာတွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ကြုံတွေ့လာရတယ်”ဟု ဦးပိန်တံတားသို့ သွားရောက်လည်ပတ်သူ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
“ဦးပိန်တံတားကိုမရောက်ဖူး လို့ သင်္ကြန် ဒုတိယအကြတ်နေ့က သွားခဲ့တယ်၊ လမ်းကလည်းကျဉ်း၊ ရေပက်တော့ ရွှံ့ဗွက်ကလည်းထ၊ ချိုင့်ခွက်တွေ မနည်းရှောင်မောင်းရတယ်။ တစ်ဖက်ကလာတဲ့ ကားတွေ၊ ဆိုင် ကယ်တွေနဲ့တိုးပြီး ယာဉ်ကြောကျပ်တော့တာပဲ၊ လမ်းတွေခင်းပြီးရင်တော့ သွားလာရတာ ပိုကောင်းတာပေါ့” ဟု ရန်ကုန်မှ လာရောက်လည်ပတ်သူတစ်ဦးက ပြောကြားသည်။
ယခုနှစ်တွင် ဦးပိန်တံတား အနောက်ဘက်ကမ်းရှိ အမြဲတမ်း ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များ အပြင် သင်္ကြန်ပွဲတော်ကာလအတွင်း ယာယီ ထန်းရွက်တဲထိုးရောင်းချသည့် ဆိုင်အရေအတွက်မှာ ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။
“သင်္ကြန်ရက်အတွင်း ရှစ်ပေ၊ ပေနှစ်ဆယ်ဆိုင်ခန်းတစ်ခန်းကို ကျပ်နှစ်သောင်းသွင်းရတယ်။ ဒီနှစ် က ဆိုင်ခန်း အရေတွက် များလာသလို ဆိုင်ခန်းတွေကိုလည်း ကြိုတင် ပြင်ဆင်ဆောက်လုပ်မှု သိပ်မရှိဘဲ သင်္ကြန်ရက်နားကပ်ပြီး ဆောက်ကြတယ်။ အရင်နှစ်တွေတုန်းက တံတား တောင်ဘက်ခြမ်းမှာ ဆိုင်ခန်း မရှိသလောက်ပဲ။ ဒီနှစ်တောင်ဘက်မှာကို ဆိုင်ခန်းတွေ တိုးချဲ့ဖွင့်လှစ် ရောင်းတာ တွေ့ရတယ်”ဟု တံတားမြောက်ဘက်တွင် ဈေးဆိုင်ဖွင့်လှစ် ရောင်းချသူတစ်ဦးက ရှင်းပြသည်။
ယခုနှစ်မန္တလေး သင်္ကြန်ပွဲတော် နေ့လယ် ရေကစားနားနေချိန်များတွင် ဘုရားကြီး၊ မန္တလေးတောင်၊ ရေတံခွန်တောင်၊ ဆည်တော်လေး၊ တောင်သမန်အင်း စသည့်နေရာများတွင် သွားရောက်အနားယူကာ ညနေ ရေကစားချိန်မှ မဏ္ဍပ်များရှိရာသို့ သွားရောက် လည်ပတ်ကြကြောင်း သိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။