Tuesday, April 24, 2012

ပင်းချောင်းတစ်လျှောက်ရှိ ကြက်သွန်ခင်းများ ထွက်နှုန်း လျော့ကျခဲ့သည့်အပြင် ရာသီပေါ်ဈေး နည်းသောကြောင့် တောင်သူများ အရှုံးပေါ်ခဲ့

ပင်းချောင်းတစ်လျှောက်ရှိ ကြက်သွန်ခင်းများ ထွက်နှုန်း လျော့ကျခဲ့သည့်အပြင် ရာသီပေါ်ဈေး နည်းသောကြောင့် တောင်သူများ အရှုံးပေါ်ခဲ့
72914
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ပင်းချောင်း တစ်လျှောက်ရှိ ကြက်သွန်ခင်းများ ယခုနှစ် အထွက်နှုန်းလျော့ကျခဲ့ပြီး ရာသီပေါ်ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၂၀ ၀န်းကျင်သာရှိသောကြောင့်
ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
ပင်းချောင်းတစ်လျှောက်တွင် အထက်ပိုင်းစည်ပင်၊ မုံကန်၊ အုတ်ရှစ်ကုန်းကျေးရွာများမှစ၍ ဧရာဝတီမြစ်ဝ အိုးဖို၊ ပင်းဝ ကျေးရွာများ အထိ ကြက်သွန်စိုက်ပျိုးလေ့ ရှိကြောင်း သိရသည်။ နှစ်စဉ်သီတင်းကျွတ် လဆန်းပိုင်းမှစ၍ စိုက်ပျိုးလေ့ရှိပြီး တန်ခူးလပိုင်းတွင် နှုတ်လေ့ရှိကြောင်း သိရသည်။
“အခုနှစ်က ကြက်သွန်ပျိုးချ ချိန်မှာအခါမဲ့မိုးရွာခဲ့လို့ စစိုက်ချိန်မှာကတည်းက ပျိုးဈေးကြီးပြီး ပျိုးရှားမှုကြုံခဲ့ရတယ်။ နို့ဆီဗူးတစ်ဗူး စာပျိုးစေ့စိုက်ထားတဲ့ ပျိုးဘောင်တစ်ဘောင်ကို ကျပ်တစ်သောင်းခွဲလောက် ပေးဝယ်ပြီး စိုက်ခဲ့ရတာပါ။ ချောင်းချိန်တစ်ရာသီစာ ဆိုပေမယ့် သဘာဝ မြေသြဇာရော ဓာတ်မြေသြဇာပါ အင်နဲ့အားနဲ့ သုံးရတော့ အရင်းအနှီး ပိုကုန်ကျပါတယ်။ ပုံမှန်ထွက်နှုန်းက ပျိုးစေ့တစ်ပြည်ကျဆိုရင် အချိန် ပိဿာတစ်ထောင်လောက် ထွက်ပါတယ်။ ရာသီဥတုအခြေအနေ ကြောင့်အခုနှစ်မှာ တစ်ပြည်ထောင် ကို ပိဿာ ၇၀၀ ၀န်းကျင်ပဲ ထွက်ခဲ့ပါတယ်၊ လူနဲ့နွားလုပ်အားခတွေ မပါဘဲ စိုက်ထုတ်ခဲ့တဲ့ ငွေကြေးအတွက် ကိုအရှုံးပြခဲ့တာပါ”ဟု အုတ်ရှစ်ကုန်းကျေးရွာမှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောကြားသည်။
ပင်းချောင်းတစ်လျှောက်တွင် ချောင်းထဲ၌စိုက်ပျိုးသော ပျိုးစေ့ချစိုက်ပျိုးမှုအပြင် ချောင်းဘေးဝဲယာ ကုန်းမြေပေါ်တွင် ကြက်သွန်မျိုးဥကို စိုက်ပျိုးသော ဥပြန်စိုက်ပျိုးမှုလည်း ရှိကြောင်း၊ ဥပြန်စိုက်ပျိုးသော ကြက်သွန်များမှာ ချောင်းကြက်သွန်ရှား ပါးချိန်တွင် ဈေးကောင်းရလေ့ ရှိသောကြောင့် စိုက်ပျိုးရန် စိတ်ဝင်စားသူ များပြားလာသော်လည်း ယခုနှစ် ဥပြန်ကြက်သွန် ရာသီပေါ်ဈေးလည်း လျော့ကျခဲ့ကြောင်း၊ ပင်းချောင်း တစ်လျှောက်ရှိ ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်ခဲ့သည်မှာ ယခုနှစ် အပါအ၀င် သုံးနှစ်ဆက်တိုက် ဖြစ်ခဲ့သောကြောင့် ကြက်သွန်စိုက်ပျိုးမှု လျော့ကျလာကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။