Tuesday, April 24, 2012

ရခိုင်ပြည်နယ်အတွင်း ငါးဖမ်းဆီးရရှိမှုနှင့် ပြည်ပတင်ပို့မှုလျော့နည်းလာ

ရခိုင်ပြည်နယ်အတွင်း ငါးဖမ်းဆီးရရှိမှုနှင့် ပြည်ပတင်ပို့မှုလျော့နည်းလာ



ရခိုင်ပြည်နယ်အတွင်း ငါးဖမ်းဆီးရရှိမှုမှာ ယခင်နှစ်များကထက် သိသိသာသာ လျှော့နည်းလာပြီး ပြည်ပ တင်ပို့နိုင်မှုမှာလည်း နည်းပါးနေကြောင်း ဒေသခံရေလုပ်ငန်းရှင်များထံက သိရသည်။

ရခိုင်မှပြည်ပပို့ကုန်တစ်ခုဖြစ်သည့်ကဏန်းဈေးကွက်မှာလည်း မြစ်ချောင်း အင်းအိုင်များတွင် ယခင်ထက် ဖမ်းဆီးရရှိမှု နည်းလာကြောင်း ရေလုပ်ငန်းကို၅နှစ်ကျော်ကြာလုပ်လာခဲ့သူ မင်းပြားမြို့က ရေထွက် ပို့ကုန်လုပ်ငန်းရှင် ဦးတင်ထွေးက ပြောသည်။
“ကျနော်တို့ စလုပ်တုန်းကဆိုရင်  မြစ်ချောင်းတွေမှာ ငါးပုစွန်ရော ကဏန်းတွေပါ ဖမ်းဆီးရမိတာ အများဆုံးဘဲ၊ ဒိုင်ကို လာသွင်းတာလဲ များတယ် ၊ အဲဒီအချိန်က တစ်နှစ်ဆယ် သုံးဆယ်ကျော် ပို့ရတယ်၊ဒါကတော့ ရာသီအလိုက်ပါ၊ ဒီ့နောက်ပိုင်းတော့ နယ်ကလူတွေ ကဏန်းတို့ ပုစွန်တို့ လာသွင်းတာ တော်တော်လေးကို နည်းသွားပြီ’'ဟု ၄င်း ကပြောသည်။
ယခင်က ရေလုပ်ငန်းသမားများအတွက် ၀င်ငွေကောင်းစေခဲ့သည့် ရေခူဈေးကွက်မှာလည်း နည်းပါးနေပြီဟု စစ်တွေမြို့က ရေထွက်ပို့ကုန်သည်တစ်ဦးက ရှင်းပြသည်။
“ရေခူဈေးကွက် ကအေးသွားတာတော့အမှန်ဘဲ၊  အေးတယ်ဆိုတာက ဘယ်လိုပြောမလဲ ကုန်ကြမ်းမရှိဘူးပေါ့ အရင်က ပင်လယ်ပြင်က ရေခူတွေ ဖမ်းဆီးရရှိပေ့မယ့်  ခုမရတော့ဘူးလဲ ရရင်လည်း များများ စားစားမဟုတ်ဘူးဆိုတော့ ဖမ်းဆီးတဲ့ သူတွေလဲ နည်းပါးသွားတာပေါ့”ဟု သူကဆိုသည်။
တစ်ချိန်က ရေခူဈေးကွက်သည် ပြည်ပပို့ကုန်တွင် ထိပ်တန်းဖြစ်ခဲ့သော်လည်း ပင်လယ်ပြင်တွင် ယခင်လို ရေခူများ ဖမ်းဆီး ရရှိမှုနည်းသွားသည့် အတွက် ဈေးကွက်အေးသွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ထို့အပြင် ဟင်းတစ်နပ်စာအတွက်ပင် တစ်နေကုန်ရှာနေရကြောင်း  ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ အသက်(၄၀) အရွယ် ဦးသာလှကပြောသည်။
“အရင်ကဆိုရင် ဟင်းအတွက် ငါးရှာတဲ့ အခါ နတ်ကျောက်နားမှာဆိုရင် တစ်နာရီလောက်ဆို တစ်နပ်စာရပြီ၊ ကွန်ပစ်တာလေ၊ ဒါပေမယ့်ဗျာအခုကျနော်တစ်နေကုန်နေပြီတစ်နပ်စာမရသေးဘူး၊ ကျနော်တို့ကျောက်ဖြူဘက် က တံငါသည်တွေက ဒီနတ်ကျောက်(ပင်လယ်ကမ်းခြေ) အနားမှာဘဲ ငါးရှာကြတာ များတယ်”ဟုပြောသည်။
ပင်လယ်ပြင်အတွင်းငါးလျောနည်းလာခြင်းသည် ကမ်းလွန်မှကုန်းတွင်းသို့သွယ်တန်းနေသော  သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအတွက်  ရေပြင်များကိုရှင်းလင်းရသဖြင့် ကမ်းနီငါးဖမ်းလုပ်ငန်းတွင် ငါးဖမ်းဆီးရရှိမှု နည်းပါးခြင်းဖြစ်သည်ဟု ကျောက်ဖြူ မြို့က သဘာဝပတ်ဝန်းကျင်လေ့လာသူတစ်ဦးကသုံးသပ်ပြောဆိုခဲ့သည်။
ရေထွက်ကုန်ကြမ်းရရှိမှုနည်းပါးလာသည့်အတွက် ရေငန်ပုစွန်များလည်းပြည်ပသို့တင်ပို့မှု  ကျဆင်းနေ ကြောင်းစစ်တွေမြို့မှ ရေထွက်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ရခိုင်က တရုတ်ကိုပို့တာ မြ၀တီဂိတ်ကနေပို့တာပါ၊ ပို့တဲ့ အခါ နှစ်မျိုးပေါ့နော် ဒီလိုမျိုးရေငန်ပုစွန်ကို ရေခဲဘူးနဲ့ထည့်ပြီး တင်ပို့တာလဲရှိသလိုပုစွန်ခြောက်၊ဖလားဝါးစတဲ့ရေထွက်ကုန်ခြောက်တွေလဲပို့ပါတယ်၊  အခု နောက်ပိုင်းလည်း ဈေးကွက် အေးနေတယ်၊ မိုးရာသီလောက်တော့ ကောင်းချင်ကောင်းမှာ၊ ဆောင်းရာသီ တုန်းကလဲ  ဈေးကွက်ကျဆင်းခဲ့တယ်”ဟု ပြော သည်။
ရခိုင်ပြည်နယ်တွင်လယ်ယာလုပ်ငန်းပြီးလျှင်ဒုတိယ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းဖြစ်ရာ  အဆိုပါရေထွက် လုပ်ငန်း မှာလည်း ယခင်နှစ် ကာလများကဲ့သို့ ၀င်ငွေရရှိမှုနည်းပါးနေကြောင်း ကုန်သည်အသိုင်းဝိုင်းက သိရသည်။
ပြည်ပပို့ရာတွင်အဓိကလမ်းမတစ်ခုဖြစ်သည့် မြ၀တီလမ်း ပြန်လည်ဖွင့်ပြီဖြစ်ရာ ရေလုပ်ငန်းကုန်သည် အများစုက နိုင်ငံခြားသို့ကုန်ပစ္စည်းအများအပြားတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်တနင်္သာရီတိုင်း၊ဧရာဝတီတို့ကဲ့သို့မွေးမြူရေးငါးလုပ်ငန်းမျိုးမဟုတ်ဘဲ ပင်လယ်ပြင်၊ မြစ် ချောင်းအင်းအိုင်တို့မှသဘာဝအလျောက်ဖမ်းဆီးရရှိနေခြင်း ဖြစ်သည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနဝန်ကြီးသမဝါယမဝန်ကြီးဌာနတို့မှ ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အချို့ ကိုလည်း ဖြေလျော့ပေးထားသည် ။
ငါးဖမ်းလိုင်စင်ကိုသက်ဆိုင်ရာက နေ့ချင်းပြီး ဆောင်ရွက်ပေးနေသည့်အပြင် ရခိုင်၊တနင်္သာရီစသည်ဒေသများတွင် ငါးဖမ်းရက်များကို တပြေးညီ ဖမ်းဆီးခွင့်ကိုသက်ဆိုင်ရာမှ ခွင့်ပြုထားကြောင်း သိရသည်။ 


ကိုမိုးဝေ(မြစ်မခ- ရခိုင်ပြည်နယ်)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။