ဂီနီဘစ်ဆာအို အာဏာသိမ်းအစိုးရကို ဖြုတ်ချရေး ကုလတပ်များ စေလွှတ်ပေးရန် နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
ဧပြီလ ၁၂ ရက်က စစ်ဘက် အာဏာသိမ်းမှုဖြစ်ခဲ့သော ဂီနီဘစ်ဆာအိုနိုင်ငံသို့
ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များစေလွှတ်ကာ အာဏာသိမ်းအစိုးရကို
ဖြုတ်ချပေးရန် ဂီနီဘစ်ဆာအို နိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၉ ရက်တွင်
တောင်းဆိုခဲ့သည်။
ဂီနီဘစ်ဆာအိုနိုင်ငံ ဘစ်ဆာအိုရှိ လွှတ်တော် အဆောက်အအုံအနီးတွင် စောင့်ကြပ်နေသည့် စစ်သားတစ်ဦး
အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နောက်နိုင်ငံသို့ ပြန်လာခွင့်မရခဲ့သော ဂီနီဘစ်ဆာအို နိုင်ငံခြားရေးဝန်ကြီး Mamadu Saliu Djalo က ကုလလုံ ခြုံရေးကောင်စီကို တောင်းဆို ခဲ့ခြင်းဖြစ်သည်။နိုင်ငံတကာတပ်များ ၀င်ရောက် တပ်စွဲရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပေါ်တူဂီနိုင်ငံနှင့် ပေါ်တူဂီစကားပြောသည့် နိုင်ငံများပါဝင်သော အဖွဲ့ Community of Nations of the Portuguese Language (CPLP)ကလည်း ထောက်ခံထားသည်။
ယင်းပေါ်တူဂီစကားပြောအဖွဲ့နှင့် အနောက်အာဖရိကဒေသတွင်း နိုင်ငံများ ECOWAS အဖွဲ့က တပ်များ စေလွှတ်မည့်အရေးကို ဆွေးနွေးနေပြီဖြစ်ကြောင်း သံတမန်များက ပြောကြားခဲ့သည်။ CPLP အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အန်ဂိုလာနိုင်ငံခြား ရေးဝန်ကြီး Georges Chikoti ကလည်း ကုလတပ်များစေလွှတ်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
အာဏာသိမ်းစစ်အစိုးရက အစိုးရခေါင်းဆောင် အများအပြားကို ဖမ်းဆီးထောင်ချခဲ့ကြောင်း သိရသည်။ ဂီနီဘစ်ဆာအို ကြားဖြတ်သမ္မတ၊ ၀န်ကြီးချုပ်နှင့် အခြားအကြီးတန်းအရာရှိများသည် ယခုချက်ချင်းသေဘေးနှင့် ကြုံရဖွယ်ရှိကြောင်း ပေါ်တူဂီနိုင် ငံခြားရေးဝန်ကြီးပေါ်လိုပေါ်တာစ်က ကုလလုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။
ဂီနီဘစ်ဆာအိုတွင် ၁၉၉၈ ခုနှစ် နောက်ပိုင်း စစ်ပွဲတစ်ခုနှင့် အာဏာသိမ်းမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး သမ္မတတစ်ဦးနှင့် စစ်ဦးစီးချုပ်လေးဦး အသတ်ခံခဲ့ရသည့် ဖြစ်စဉ်များ ရှိသည်။ အာဏာသိမ်း အစိုးရအနေဖြင့် အခြေခံဥပဒေ အခြေပြုသည့်နိုင်ငံနှင့် မူးယစ်ဆေး ကုန်သွယ်မှုအခြေခံသော Failed State အနက် တစ်ခုခုကို ရွေးချယ်ရမည်ဖြစ်ကြောင်း ပေါ်တာစ်က ပြောကြားခဲ့သည်။
အာဏာသိမ်းခေါင်းဆောင်များနှင့် ၎င်းကို နိုင်ငံရေးအရ ထောက်ခံနေသူများအပေါ် ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းတို့ ပြုလုပ်ရန် ပေါ်တာစ်က တိုက်တွန်းခဲ့သည်။
Ref: AFP
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။