Tuesday, April 24, 2012

တရုတ်နှင့်ရုရှားတို့ ပထမဆုံးအကြိမ် ရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်မှု စတင်


ပဲ့ထိန်းခရုဇ် ဒုံးကျည်ပါသော Slava-class Varyag ရုရှားသင်္ဘော ကျင်တိုမြို့ ရေတပ်စခန်းသို့ ရောက်ရှိလာစဉ်
တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့၏ ပထမဆုံးအကြိမ် ရေတပ်ပူးတွဲစစ် ရေးလေ့ကျင့်မှုကို ဧပြီလ ၂၂ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
တရုတ်နှင့် အာရှနိုင်ငံတို့အကြား ပိုင်နက်များအငြင်းပွားမှုနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်နှင့် ရုရှားတို့က ခြောက်ရက်ကြာ ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုကို တရုတ်အရှေ့ဘက်ကမ်းရိုးတန်းအလွန် ပင်လယ်ဝါတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း China News Service က ထုတ်ပြန်ခဲ့သည်။ ရှန်တုံပြည်နယ်အလွန် ကမ်းရိုးတန်းရှိ ကျင်တိုမြို့အနီး စစ်ရေးလေ့ ကျင့်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းစစ်ရေး လေ့ကျင့်မှုတွင် ပူးတွဲလေကြောင်း ကာကွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောဖျက်နည်းစနစ်များ၊ ရှာဖွေ ကယ်ဆယ်ရေးနည်းလမ်းများကို အဓိကထား လေ့ကျင့်မည်ဟုသိရပြီး ပြန်ပေးဆွဲခံရသော ရေယာဉ်များကို ကယ်တင်ခြင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် တရုတ်ရေတပ်မှ ရေယာဉ် ၁၆ စီး၊ ရေငုပ်သင်္ဘောနှစ်စီး ပါဝင်မည်ဖြစ်ပြီး ရုရှားစစ်သင်္ဘော လေးစီးပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ရည်ရွယ်ပြီး ယင်းကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်ရန် ကာလရှည်ကြာ ကြိုတင်ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး လျူဝေမင်းက ပြောကြားခဲ့သည်။

တရုတ်နှင့်ရုရှားသည် ၂၀၀၅ ခု နှစ်နောက်ပိုင်းမှစ၍ ပူးတွဲစစ်ရေး လေ့ကျင့်မှုလေးခုတွင် ပါဝင်ခဲ့ပြီး လေ့ကျင့်မှုအချို့တွင် အခြားနိုင်ငံများလည်း ပါ ၀င်ကြောင်းဆင်ဟွာကထုတ်ပြန်ခဲ့သည်။

အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုများအပါအ၀င် နယ်မြေပိုင်ဆိုင်မှုများ နှင့်ပတ်သက်၍ အငြင်းပွားမှု မြင့်တက်နေချိန်နှင့် တရုတ်စစ်ရေး အသုံးစရိတ် မြင့်တက်နေချိန်တွင် ပေကျင်းနှင့် မော်စကိုက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုများကို မိမိတို့လည်း ပိုင်ဆိုင်ကြောင်း ဂျပန်က ကြေညာထားသည်။

တရုတ်တွင် Diaoyu ၊ ဂျပန်တွင် Senkaku ဟု အမည်အသီးသီး ပေးထားသော ကျွန်းစုများနှင့် ပတ်သက်၍ ပေကျင်းနှင့် တိုကျိုတို့အကြား ကာလရှည်ကြာ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ယင်းကျွန်းစုများမှာ စွမ်းအင် ရင်းမြစ်နှင့် ငါးသယံဇာတကြွယ်ဝကြောင်း သိရသည်။
Ref:AFP

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။