Tuesday, April 24, 2012

၂၀၁၅အတွက် ပြည်ခိုင်ဖြိုးပါတီ ဆက်လက်စည်းရုံးရေးဆင်းနေဆဲ

၂၀၁၅အတွက် ပြည်ခိုင်ဖြိုးပါတီ ဆက်လက်စည်းရုံးရေးဆင်းနေဆဲ



၂၀၁၅ခုနှစ်တွင်ကျင်းပမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကစည်းရုံးရေးများအားဆက်လက်လုပ်ဆောင်နေကြောင်းသိရှိရသည်။  

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၂ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင်ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် (၄၅)နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၇) လစ်လပ် (အမျိုးသားလွတ်တော်) မဲဆန္ဒနယ်(၁)နေရာတွင်အနိုင်ရခဲ့သည့်ပါတီဖြစ်သည်။
 “စည်းရုံးရေးလုပ်ငန်းစဉ်အပိုင်းရယ်၊ ပါတီရဲ့မူဝါဒအပိုင်းရယ်ဆိုပြီးတော့ လုပ်နေပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက်ဆိုပါတော့။ ကျွန်တော်တို့ပါတီအနေနဲ့ ငွေချေးတဲ့လုပ်ငန်းတွေကော၊ လမ်းတံတား ဆောက်လုပ်ပေးတာတွေရော အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားမှာပါ ” ဟု ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်တိုင်းဒေသကြီးကော်မတီဝင် ဦးတင်ဝင်းက ပြောသည်။  
ပြည်ခိုင်ဖြိုးပါတီက ကျန်းမာရေးအစောင့်အရှောက် လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။   
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်းခင်းခြင်း၊ အခြေခံလူတန်းစားများ အဆင်ပြေစေရန်အတွက် ချေး ငွေများအား အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သော စောင့်ရှောက်မှု ဆေးခန်း(အခမဲ့)များအား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးမှစ၍ ဆောင်ရွက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။  
“ကျွန်မဆို ပိုက်ဆံမတတ်နိုင်လို့ ဖြိုးစေတနာ အခမဲ့ဆေးခန်းမှာ သွားသွားပြပါတယ်။ ကျွန်မတို့မှာ စားဖို့တောင်အနိုင်နိုင် ရှာစားနေရတာဆိုတော့ ကျန်းမာရေးအတွက်ဆို ကုန်ကျငွေ မရှိဘူးလေ။ ဒီလို ကြံ့ခိုင်ရေးက အခမဲ့ ဆေးခန်းတွေလုပ်ပေးတာ ဆိုတာ ကောင်းပါတယ်”ဟု ပြည်ခိုင်ဖြိုးပါတီမှ ဖွင့်ထားသော ဖြိုးစေတနာ အခမဲ့ဆေးခန်းတွင်သွားရောက်ပြသနေသူ မြောက်ဥက္ကလာပမြို့နယ်ကဒေါ်မေဦးက ပြောသည်။  
လက်ရှိကျင်းပလျက်ရှိသော ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီ အမတ်လောင်း(၂၂၀)ဦးနှင့်အမျိုးသားလွှတ်တော်ထဲ၌ ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း (၁၂၄)ဦးစုစုပေါင်း(၃၄၄)ဦးတို့လွှတ်တော်ထဲ၌တာဝန်ထမ်းဆောင်နေကြသည်။     
“ ကျွှန်တော်တို့ ပါတီက အစကတည်းက ပါတီသဘောနဲ့ စခဲ့တာမဟုတ်ပါဘူး။ လူမှုရေးအနေနဲ့ စခဲ့တာပါ။ ကျွန်တော်တို့ ပါတီက ပြည်သူ့အကျိုးရယ်၊ ဒေသဖွံ့ဖြိုးရေးတွေရယ် လုပ်ပေးနေတာတွေဟာ တခြားရည်ရွယ် ချက် မရှိပါဘူး” ဟု ၂၀၁၂ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ နေပြည်တော် ဇမ္ဖူသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးက ပြောသည်။    


ယမင်း(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။